တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦး ဆိုင်းငံ့သေဒဏ်ချမှတ်ခံရ
- BVJ

- 5 hours ago
- 1 min read
အေတီ/BVJ_ ဧပြီ ၇၊၂၀၂၆

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ဝေဖုန်းဟယ် (Wei Fenghe) နဲ့လီရှန်းဖူ (Li Shangfu)တို့ကို အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်ကြောင်း တရုတ်အစိုးရပိုင်မီဒီယာတွေကဖော်ပြပါတယ်။စစ်ခုံရုံးကသူတို့နှစ်ဦးကို ကြာသပတေးနေ့မှာ ၂ နှစ်ဆိုင်းငံ့သေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ၂နှစ်ကာလအတွင်း ပြစ်မှုအသစ်ထပ်မံကျူးလွန်ခြင်းမရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကိုပြောင်းလဲသွားမှာဖြစ်ပေမယ့် ပြစ်ဒဏ်လျှော့ပေါ့ခွင့် သို့မဟုတ် ခံဝန်နဲ့လွတ်မြောက်ခွင့်လုံးဝရှိမှာမဟုတ်ကြောင်း ဆင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ်။
လာဘ်ပေးလာဘ်ယူမှုနဲ့အပြစ်ရှိကြောင်းတွေ့ရှိတာကြောင့် သူတို့နှစ်ဦးပိုင်ဆိုင်မှုအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခံခဲ့ရပါတယ်။ အခုထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်အတွင်း ထိပ်သီးစစ်ဘက်အရာရှိအများအပြားကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝေဖုန်းဟယ်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့နေရာကို ၂၀၂၃ ခုနှစ်၊ မတ်လမှာ လီရှန်းဖူက အစားထိုးဝင်ရောက်ခဲ့ပါတယ်။လီရှန်းဖူရဲ့ ကာကွယ်ရေးဝန်ကြီးသက်တမ်းက အလွန်တိုတောင်းတယ်လို့ ပြောလို့ရပါတယ်။လူမြင်ကွင်းကနေ ရုတ်တရက် သူပျောက်ကွယ်သွားပြီးနောက် နှစ်လအကြာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ရာထူးကထုတ်ပယ်ခံရတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။
ခရက်ဒစ်-ဘီဘီစီ




Comments