ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌ တောင်းဆို
- BVJ

- 2 hours ago
- 1 min read
အေတီ/BVJ_ မေ ၆၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုသတ်မှတ်ထားတဲ့ နေအိမ်တအိမ်ကိုပြောင်းထားဖို့ အာဏာသိမ်းစစ်အုပ်စုကခွင့်ပြုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကိုပွင့်လင်းမြင်သာမှုရှိရှိဖော်ပြပေးဖို့ ဖိလစ်ပိုင်က စစ်အုပ်စုကို ဖိအားပေး တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စစ်မှန်တဲ့ ကတိကဝတ်ရှိကြောင်းပြသတဲ့အနေနဲ့ " ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံခွင့်ပေးသင့်သလို မိသားစုနဲ့ပါဆက်သွယ်ခွင့်ပေးသင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန်ကိုတွေ့ဆုံခွင့်ပေးတာဟာ သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုကို အထောက်အကူပြုမှာဖြစ်ပြီး အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ အထောက်အကူဖြစ်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင်အခုဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အရ မြန်မာနိုင်ငံအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ပြန်လည်သင့်မြတ်ရေးတို့အတွက် အရှိန်အဟုန်မြှင့်အသုံးပြုသင့်ကြောင်းလည်း ဖိလစ်ပိုင်ကတိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်ထောင်ကနေသတ်မှတ်ထားတဲ့ နေအိမ်တအိမ်ပြောင်းရွှေ့လိုက်ပြီလို့ အာဏာသိမ်းစစ်အုပ်စုကထုတ်ပြန်ပြီးနောက် သူ့အမေနဲ့တရားဝင်ဆက်သွယ်ခွင့်ပေးဖို့၊ အသက်ထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းက တောင်းဆိုနေပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းတဲ့အချိန်ထဲကဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာစစ်အုပ်စုရဲ့မတရားစွပ်စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရပြီး ပြစ်ဒဏ်နှစ်ကြီမ်လျှော့ပေါ့ပြီးသွားတဲ့အချိန်မှာတောင် ထောင်ဒဏ်နှစ်(၂၀)နီးပါးကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။




Comments