စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းတွေ့ဆုံမှုလုပ်မယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ပြော
- BVJ

- 14 hours ago
- 1 min read
အေတီ/BVJ_မေ ၈၊ ၂၀၂၆

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းမှာတွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ကြာသပတေးနေ့မှာအတည်ပြုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်းပြုလုပ်တဲ့ အင်တာဗျူးတခုမှာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်း(Kao Kim Hourn)က မြန်မာနိုင်ငံစစ်အုပ်စုက အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်လိုနေကြောင်း၊ ဒါပေမယ့် အိမ်နီးချင်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေလျှော့ချရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်မှုတို့မှာ မြန်မာနိုင်ငံဘက်ကတိုးတက်လာတာမြင်တွေ့လိုနေကြောင်း ပြောဆိုခဲ့ပါတယ်။
"အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်။ မကြာမီရက်ပိုင်းအတွင်း အွန်လိုင်းမှာအစည်းအဝေးတစ်ခုပြုလုပ်သွားဖို့ရိုပါတယ်"လို့ ကာအိုကင်ဟွန်းက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားတာ ငါးနှစ်ကျော်ကြာသွားပြီဖြစ်ပါတယ်။
စစ်အုပ်စုကဦးဆောင်ပြုလုပ်ခဲ့တဲ့ ၂၀၂၅ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အာဆီယံ အသိအမှတ်မပြုခဲ့သလို အတုအယောင်ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း အခုထိအသိအမှတ်မပြုသေးသလို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုသေးပါဘူး။
ဖိလစ်ပိုင်နိုင်ငံမှာ မေလ ၇ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတက်ခွင့်မပြုဘဲ နိုင်ငံရေးကိုယ်စားပြုမဟုတ်တဲ့ ကိုယ်စားလှယ်သာတက်ခွင့်ပြုမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက မေလ ၆ ရက်နေ့မှာ တရားဝင်အတည်ပြုခဲ့ပါတယ်။




Comments