စစ်အုပ်စုရွေးကောက်ပွဲရလဒ်အပေါ် လေးစားထောက်ခံကြောင်း တရုတ်ပြော
- BVJ

- Feb 5
- 1 min read
အယ်နာ/BVJ_ဖေဖော်ဝါရီ ၅၊ ၂၀၂၆

စစ်အုပ်စုကျင်းပတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ရွေးချယ်မှုကိုလေးစားထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Lin Jian)က မနေ့က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စစ်အုပ်စုကျင်းပတဲ့ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPက အနိုင်ရရှိခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ရဲ့သဘောထားကိုမေးမြန်းရာမှာ အခုလိုတုန့်ပြန်ဖြေဆိုခဲ့တာပါ။
ဒါ့အပြင် မြန်မာတွင်းနိုင်ငံရေးတည်ငြိမ်အောင် နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်း ကူညီပေးသွားမှာဖြစ်သလို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ရရှိစေဖို့အတွက် အပြုသဘောဆောင် အကူအညီတွေကို ဆက်လက်ပေးအပ်မယ်လို့လည်း ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်ခဲ့ခြင်းမရှိတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ စစ်တပ်ကျောထောက်နောက်ခံနဲ့အပြည့်ရှိတဲ့ USDPပါတီက အများဆုံးအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။
ဇန်နဝါရီ ၂၉ရက်ကကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာတော့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းကို အာဆီယံဥက္ကဋ္ဌအသစ် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကပြောထားပါတယ်။




Comments