နေအိမ်ကိုလက်နက်ကြီးကျပြီး ကျောင်းသူညီအမနှစ်ဦး သေဆုံး
- BVJ

- Nov 3
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ငါးလုံးတင်ကျေးရွာကို မနေ့ကမနက်ပိုင်းမှာလက်နက်ကြီးကျပြီး ညီအမနှစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
မနေ့က နိုဝင်ဘာ ၂ရက်နေ့မနက်ကိုးနာရီကျော်မှာ စစ်အုပ်စုဘက်ကပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးဟာ ညီအမသုံးဦးရှိနေတဲ့အိမ်ကို ထိမှန်သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံက Burma VJကိုပြောပါတယ်။
"မြို့ပေါ်အုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်စွဲထားတဲ့တပ်ကပစ်တာ။ လေးလုံးပစ်တာမှာကျပြီး အဲ့ဒီညီအမတွေသုံးယောက်ထဲက နှစ်ယောက်သေတာ။ တစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်"
သေဆုံးသွားသူတွေဟာ ၁၆နှစ်နဲ့ ၂၂နှစ် အရွယ်ရှိညီအမတွေဖြစ်ကြပြီး G-10နဲ့G-7ကျောင်းသူတွေဖြစ်တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာလည်း ၁၃နှစ်အရွယ်မိန်းကလေးဖြစ်ပြီး လက်နက်ကြီးကြောင့် နေအိမ်လေးလုံးပျက်ဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့လ သီတင်းကျွတ်လပြည့်နေ့ညမှာ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာကဆီမီးသပိတ်ကို စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် အယောက်၂၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူလည်း ၆၀ကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် အခုလက်နက်ကြီး လေးလုံးပစ်ခတ်ခံမှုကြောင့်လည်း ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြပြီး နေအိမ်ကနေတိမ်းရှောင်နေကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။







Comments