ချောင်းဦး၊ဘုံတိုရွာတိုက်ခိုက်ခံရမှု ကုလသမဂ္ဂကန့်ကွက်ရှုတ်ချ
- BVJ

- Oct 10
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၉ ၊၂၀၂၅

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ဘုံတိုရွာက အရပ်သားတွေကို လေကြောင်းကပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်ကို ကုလသမဂ္ဂကပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ ဒီအဖြစ်အပျက်ကနေ မြန်မာစစ်အုပ်စုဟာ နိုင်ငံနဲ့အဝှမ်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာ ထပ်ပြီးအတည်ပြုလို့ရတဲ့အကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ကပြောပါတယ်။
“အရပ်သားတွေကို ဝေဟင်ကနေပစ်မှတ်ထားတိုက်ခိုက်နေတဲ့တိုက်ခိုက်မှုကို ကျွန်တော်တို့လုံးဝလက်မခံနိုင်ပါဘူး။ စစ်ပွဲပဋိပက္ခမှာပါဝင်နေတဲ့သူအားလုံး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို မဖြစ်မနေလေးစားလိုက်နာဖို့လိုပါတယ်” လို့ စတီဖင်ဒူဂျာရစ်က ကပြောပါတယ်။
ကုလလူ့အခွင့်အရေးရုံး (OHCHR)ရဲ့အဆိုအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လေကြောင်းတိုက်ခိုက်ခံရမှု၊ အရပ်သားသေဆုံးမှုဖြစ်ပွားမှုအများဆုံး ဒေသတစ်ခုဖြစ်ပါတယ်။၂၀၂၅ခုနှစ် မတ်လ၂၈ရက်နေ့က မေလ၃၁ရက်အတွင်းမှာတင် လေကြောင်းတိုက်ခိုက်ခံရမှု ၁၀၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈၉ ဦးသေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က ဖျက်အားပြင်းအမြောက်ကျည်တွေသယ်ဆောင်နိုင်တဲ့ ပါရာမော်တာစက်တပ်လေထီးကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု အရှိန်ပိုမိုတိုးမြှင့်လာနေကြောင်း OHCHRအဖွဲ့ကအတည်ပြုပါတယ်။

စက်တင်ဘာလကထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာထဲမှာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၆၇၆၄ ဦးသေဆုံးခဲ့ပြီး နိုင်ငံရေးမှုနဲ့ဖမ်းဆီးခံရတဲ့သူ ၂၉၀၀၀ နှစ်သောင်းကိုးထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုက စျေးတွေ၊ကျောင်းတွေ၊ဘုရားဝတ်ပြုတဲ့နေရာတွေနဲ့ စစ်ရှောင်စခန်းတွေအပါအဝင် အရပ်သားတွေရှိတဲ့နေရာတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အဲ့ဒီအစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဘုံတိုရွာမှာတနင်္လာနေ့ညဦးပိုင်းမှာ မီးထွန်းပွဲကျင်းပနေချိန်အတွင်း ပါရာမော်တာစက်တပ်လေထီးနဲ့ဗုံးကြဲခံခဲ့ရတဲ့အတွက် နောက်ဆုံးရရှိတဲ့သတင်းအရအနည်းဆုံး လူ၂၅ ဦးသေဆုံးပြီး ၄၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။







Comments