ချောင်းဦးဗုံးကြဲခံရမှုအတွင်းထိခိုက်ဒဏ်ရာရသူတွေထဲက ကလေးတစ်ဦးနဲ့လူငယ်တစ်ဦး ထပ်မံသေဆုံး
- BVJ

- Oct 9
- 1 min read
သေဆုံးသူ ၂၄ဦးအထိရှိလာ
BVJ/ဂျိုး_အောက်တိုဘာ ၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ် ဘုံတိုကျေးရွာကို အခု အောက်တိုဘာလ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးလာကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သား ၂၀ကျော်သေဆုံးခဲ့ပြီး ၄၀ ထက်မနည်းထိ ခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။
လက်ရှိမှာဒဏ်ရာရရှိထားတဲ့ဒေသခံတွေထဲက ထပ်မံသေဆုံးတာတွေရှိတယ်လို့ ချောင်းဦးဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
“မနေ့ကအသက် ၁၂နစ်အရွယ် ကလေးတစ်ဦးမနေ့က သေဆုံးခဲ့တယ်။ ဒီကနေ့မှာလည်း အသက် ၂၈နှစ်အရွယ်အမျိုးသားတစ်ဦးထပ်မံသေဆုံးတယ်။ သေဆုံးသူ စုစုပေါင်း ၂၄ဦးအထိရှိပါပြီ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိထားသူတွေထဲက အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦးထက်မနည်းရှိနေတာကြောင့် ကြပ်မတ်ဆောင်မှာထားပြီးစောင့်ကြည့်နေရတယ်လို့လည်း ပြောပါတယ်။
“သူတို့က စောင့်ကြည့်နေရတဲ့အနေအထားရှိတယ်။ အထူးကြပ်မတ်ဆောင်တွေမှာထားရတယ်။ လက်နဲ့ ခြေထောက်ဖြတ်ထားရသူတွေလည်း ၆ယောက်လောက်ရှိတယ်။ ဆေးဝါးတွေကတော့ လိုအပ်နေဆဲပါ”လို့ Burma VJကိုပြောပါတယ်။
ထိခိုက်ဒဏ်ရာသူတွေကို ကုသဖို့သွေးနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသတွင်းအဖွဲ့အစည်းအတွေက အသိပေးထုတ်ပြန်ထားကြပါတယ်။
စစ်အုပ်စုက စက်တပ်လေထီးပါရာမော်တာနဲ့ ပွဲခင်းတည့်တည့်ကို ၁၂၀မမဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသူတွေများပြားပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းများပြားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦး ဆောင်ကော်မတီက လူငယ်ခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGလူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က နေ့စွဲနဲ့ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်းမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် ၃ ဦး၊ အမျိုးသား ၁၄ ဦး (သပိတ်ဦးဆောင်ကော်မတီမှ လူငယ်အမျိုးသား ၄ ဦးပါ) နဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ သေဆုံးခဲ့ပြီး လူထုအပေါ် အခါကြီးရက်ကြီးနဲ့ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်တွေပါမကျန် အကြမ်းဖက်ရက်စက်နေတဲ့ စစ်အုပ်စုရဲ့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကို အရေးယူခံရနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမယ်လို့ ဖော်ပြထားပါတယ်။







Comments