ချာလီကာ့ခ် လုပ်ကြံမှုနဲ့ဖမ်းထားတဲ့ တိုင်လာရော်ဘင်ဆင်ဆိုတာ ဘယ်သူလဲ
- BVJ

- Sep 15
- 1 min read
BVJ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ကို သတ်တယ်လို့ သံသယရှိတဲ့ တိုင်လာရော်ဘင်ဆင် ဆိုတဲ့သူကို အက်ဖ်ဘီအိုင်အဖွဲ့က ဖမ်းမိထားပါပြီ။ အသက်၂၂နှစ်ရှိ တိုင်လာရော်ဘင်ဆင်ကို ယူတာ့ကောင်တီ အကျဥ်းထောင်ထဲမှာထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
တိုင်လာရော်ဘင်ဆင်ဟာ ယူတာ့ဗေလီတက္ကသိုလ်ဝင်းထဲက အဆောက်အဦးတစ်ခု ခေါင်မိုးပေါ်ကဟောပြောပွဲမှာ ဟောပြောနေတဲ့ချာလီကာ့ခ်ကို ဗုဒ္ဓဟူးနေ့ကသေနတ်နဲ့ပစ်သတ်လိုက်ပြီးနောက် နှစ်ရက်အကြာ ဒီနေ့မှာသူ့ကိုဖမ်းမိတာဖြစ်ပါတယ်။
ယူတာ့ဗေလီတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ချာလီကာ့ခ်ကိုမုန်းတီးနေတဲ့သူတစ်ဦးလို့ သူ့ မိသားစုကပြောပါတယ်။မိသားစု ညစာစားပွဲတွေမှာလည်း ချာလီကာ့ခ်ကိုမုန်းတဲ့အကြောင်းထုတ်ပြောလေ့ရှိတယ်လို့ သိရပါတယ်။
တိုင်လာရောဘင်ဆင်က ချာလီကာ့ခ်ကို သူသတ်ခဲ့တဲ့အကြောင်း သူ့အဖေ မတ်ရော်ဘင်ဆီမှာသွားဝန်ခံတဲ့အတွက် အဖေကရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး အပ်နှံလိုက်တာလို့သိရပါတယ်။ တိုင်လာရော်ဘင်ဆင်ရဲ့ဖခင်က ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ဝါရှင်တန်ကောင်တီရဲဌာနမှာ ၂၇နှစ်ကြာအမှုထမ်းခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။

ယူတာဗေလီတက္ကသိုလ်မှာ ၂၀၂၁ခုနှစ်က ရော်ဘင်ဆင် ခဏလာတက်ဖူးတယ်လို့ တက္ကသိုလ်ကလူတွေက ရိုက်တာသတင်းဌာနကိုအတည်ပြုထားပါတယ်။ ဒါပေမယ့် ဘာကြောင့် ကျောင်းကရုတ်တရက်ထွက်သွားရလဲဆိုတဲ့ အကြောင်းရင်းကတော့မသိရသေးပါဘူး။
အခုနှစ်ပိုင်းအတွင်းမှာ နိုင်ငံရေးကိစ္စတွေ ရော်ဘင်ဆင်ပိုစိတ်ဝင်စားလာပြီး၊ ရော်ဘင်ဆင်မှာ ချာလီကာ့ခ်ကလုံးဝမကြိုက်တဲ့စိတ် အရမ်းမုန်းတီးတဲ့စိတ်ရှိတယ်လို့မိသားစုကပြောပါတယ်။
မျက်နှာသုတ်ပုဝါနဲ့ထုပ်ထားတဲ့ ရိုင်ဖယ်သေနတ်တစ်လက်နဲ့ကျည်ဆန်တွေကို ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပြီး မပစ်ရသေးတဲ့ကျည်ခွံတွေပေါ်မှာ ဖက်ဆစ်ဆန့်ကျင်ရေး စာသားတွေရေးထားတာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျည်ခွံတစ်ခုပေါ်မှာ “Hey, fascist! Catch!” နောက်ကျည်ခွံတစ်ခုပေါ် မှာ “Bella ciao,”လို့ရေးထားတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။Bella ciao သီချင်းဟာ ဒုတိယကမ္ဘာစစ်ကာလကဖက်ဆစ်ဆန့်ကျင်ရေး အီတလီသီချင်းဖြစ်ပါတယ်။

ရော်ဘင်ဆင်ဟာ နဗားဒါးနယ်စပ်အနီး ယူတာအနောက်တောင်ဘက်ထောင့် ဝါရှင်တန်ကောင်တီထဲက သူ့မိသားစုနဲ့အတူနေထိုင်နေတဲ့ဖြစ်တဲ့အကြောင်း ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး Spencer Cox က ပြောပါတယ်။
အခုအဖမ်းခံရတဲ့ချိန်မတိုင်ခင်အထိ တိုင်လာမှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့မှတ်တမ်းမရှိပါဘူး။ သူ့အောက်မှာ ညီငယ်နှစ်ယောက်ရှိပြီး သူ့အမေက အကျိုးအမြတ်မယူတဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ လူမှုဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။







Comments