ချောင်းဦးနယ်အစပ်ကလပြည့်ညမီးထွန်းပွဲ ပါရာမော်တာနဲ့တိုက်ခိုက်ခံရပြီး လူဆယ်နဲ့ချီသေဆုံး
- BVJ
- 5 days ago
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၅

သီတင်းကျွတ်လပြည့်ညမှာ မီးထွန်းပွဲဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင် မုံရွာနဲ့ ချောင်းဦးနယ်စပ်က ကျေးရွာတရွာ ကို စစ်ကောင်စီကလေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် လူဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့သိရပါတယ်။
မနေ့က အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ည ၈နာရီဝန်းကျင်မှာ မီးထွန်းပွဲကျင်းပနေတဲ့နေရာ ကို စက်တပ်လေထီးပါရာမော်တာနဲ့ ဗုံးကြဲခံရတဲ့အကြောင်း ဒေသခံတွေကအတည်ပြုပါတယ်။
ဗုံးကြဲခံရတာကြောင့် မီထွန်းပွဲကိုရောက်နေတဲ့ဒေသခံအများစုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
"ပွဲချင်းပြီးသေဆုံးတာရော ဒဏ်ရာရသူတွေပြန့်ကြဲနေတာတွေရောကိုဆေးရုံပို့တော့ ဆေးရုံမှာထပ်သေကြတယ်။ သေဆုံးမှုကတော့များတယ်"
သေဆုံးဒဏ်ရာရစာရင်းကိုအတည်ပြုနိုင်ဖို့ ချောင်းဦးမြို့နယ် အင်အားစုသပိတ်ကော်မတီနဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ကို မေးမြန်းထားဆဲဖြစ်ပါတယ်။
NUGပြန်ကြားရေး PVTVမှာတော့ အနည်းဆုံး၂၀ဦး သေဆုံးပြီး ၄၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာ အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်လာနေပြီး တိုက်လေယာဥ်နဲ့ဗုံးကြဲတာအပြင်၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ စက်တပ်လေထီး ပါရာမော်တာတို့ကိုပါ အသုံးပြုလာတာတွေ့ရပါတယ်။
စစ်ကောင်စီတပ်က စက်တပ်လေထီးတွေကို လေကြောင်းလက်နက်တစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစတင်အသုံးပြုခဲ့ပြီး မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့ကလည်း မုံရွာမြို့နယ်တောင်ဘက်ခြမ်းနဲ့ ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်းကို စစ်ကောင်စီတပ်က ပါရာမိုတာ(ခေါ်) စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချောင်းဆုံရွာက ပြည်သူ ၂ ဦး၊ ရွှေဒါးကျရွာက ပြည်သူ ၂ ဦး စိုးရိမ်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
သီတင်းကျွတ်လပြည့်နေ့ မနက် ၇နာရီ၄၀မိနစ်ပတ်ဝန်းကျင်မှာလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့နမ္မတူမြို့တို့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရပြီး အဆောက်အဦးအချို့ပျက်ဆီးခဲ့ပါတယ်။
Comments