top of page

မကွေးတိုင်းစစ်ဆင်ရေးတွေ ညှိနှိုင်းအကောင်အထည်ဖော်ဖို့ ကျောင်းသားလက်ရုံးတပ်တော်နဲ့ MOD သဘောတူညီမှုယူ

  • Writer: BVJ
    BVJ
  • Jul 4, 2025
  • 1 min read

BVJ/မိုနာ_ ဇူလိုင် ၂၊ ၂၀၂၅

ဓါတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်တပ်တော်နေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၅၊ ဧပြီ ၂၇ရက်ကပြုလုပ်နေပုံနဲ့ စစ်ရေးလေ့ကျင့်နေပုံ။
ဓါတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်တပ်တော်နေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၅၊ ဧပြီ ၂၇ရက်ကပြုလုပ်နေပုံနဲ့ စစ်ရေးလေ့ကျင့်နေပုံ။

မကွေးတိုင်းအတွင်း စစ်ဆင်ရေးစီမံချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန-MODလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်သဘောတူညီမှုရခဲ့တယ်လို့ SAFက မနေ့က ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။


SF/SAF ဗဟိုဦးဆောင်ကော်မတီဝင်တွေနဲ့ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးအပြီးမှာ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အခုလိုသဘောတူညီချက်ထွက်လာတာလို့ သိရပါတယ်။


သဘောတူညီချက် အချက်(၃)ချက်ထဲမှာ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာနတာဝန်ရှိသူတွေနဲ့ ပိုမိုရင်းနှီးတွေ့ဆုံကာ မြေပြင်ရှိလုပ်ငန်းစဉ်တွေကို အတူတကွ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လည်းပါဝင်တယ်လို့ သိရပါတယ်။


ဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံမှုအတွင်းမှာ SF/SAF အခြေစိုက်ဒေသတွေက နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတာပါ။


မကွေးတိုင်းမြေပြင်အခြေအနေကို သိရှိသူ ဒေသခံတစ်ဦးကတော့“နတ်ရေကန် ဘက်ကလည်းAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စကစတို့ တိုက်နေတာကြာလှပြီ၊ စကစဘက်ကလည်း ထောက်ပို့အားကောင်းတော့ မကျသေးဘူး။ ဒါကြောင့် SAF ကထောက်ပို့လမ်းကြောင်းကိုဖြတ်ဖို့ ပုသိမ်-မုံရွာကားလမ်းမပေါ်က စကစအထိုင် ကင်းစခန်းတွေကို ဒီနှစ်ပိုင်းတွေထဲမှာ ဝင်တိုက်လာရတယ်။ အဲလိုလုပ်ရင်း မင်းလှဘက်က စကစအထိုင်ချကင်းစခန်းတွေကို ဝင်တိုက်ရတာတွေရှိတယ်။ အဲဒီမှာက NUG အောက်က မင်းလှပကဖနဲ့ တခြားတပ်ဖွဲ့တွေလည်း နယ်ခံတပ်တွေအနေနဲ့ စစ်ရေးလှုပ်ရှားကြပါတယ်။ အဲလိုနယ်ခံတပ်တွေရှိတော့ အဲ့ဒီမှာ အခုလိုညှိနှိုင်းမှုတွေပေါ်လာတယ်လို့ မြင်ပါတယ်” လို့ Burma VJကို ပြောပါတယ်။


ပြီးခဲ့တဲ့ ဇွန်၂၇ရက်မှာ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထက်မင်းလှ(ပကဖ) လှုပ်ရှားနယ်မြေနဲ့ဆက်စပ်အဝန်းအဝိုင်းတွေအတွင်း မဟာမိတ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်ရာတွေမှာ ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ဖို့နဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကို အတူတကွချိတ်ဆက် အသိပေးကြဖို့ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။


အဲ့ဒီနောက် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ SF/SAF ဗဟိုဦးဆောင်ကော်မတီဝင်တွေ တွေ့ဆုံဆွေးနွေးပြီး အခုလိုသဘောတူညီချက်ထွက်ပေါ်လာခဲ့ပါတယ်။


ကျောင်းသားလက်ရုံးတပ်တော်ဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေဦးဆောင်ကာ တနိုင်ငံလုံးရှိကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အာရက္ခတပ်တော်-AA ဆီမှာ စစ်ပညာသင်ကြားကာ အမ်းမြို့နဲ့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို တိုက်ခိုက်ရာမှာလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။


လက်ရှိမှာ တိုင်ရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် နွေဦး‌တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ကာ မြေလတ်စစ်ဒေသနဲ့အညာစစ်ဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page