CDMဆရာမ ဒေါ်အေသီအောင်နဲ့ခင်ပွန်းတို့ကိုလုပ်ကြံခဲ့တဲ့ တရားခံတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ KNUထုတ်ပြန်
- BVJ

- Dec 22, 2025
- 1 min read
အေတီ/BVJ-ဒီဇင်ဘာ ၂၁၊ ၂၀၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာကနေအိမ်မှာလုပ်ကြံခံခဲ့ရတဲ့ NUGပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ကို လုပ်ကြံခဲ့တဲ့တရားခံတွေနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဆရာမဒေါ်အေသီအောင်တို့လင်မယားကို ဒီဇင်ဘာ၁၅ရက် ညနေပိုင်းက လုပ်ကြံခဲ့တဲ့သူတွေဟာ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)အချုပ်ထဲကထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဖြစ်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သူလေးဦးရဲ့နာမည်တွေက မောင်အောင်နိုင်ဦး၊မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့မောင်ဝင်းစိုးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အချုပ်ထဲကထွက်ပြေးသွားတဲ့သူလေးဦးကို လိုက်လံရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့တာမှာ ဒီဇင်ဘာ ၁၇ရက်နေ့မှာပြန်ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့တာမှာ ဆရာမဒေါ်အေသီအောင်နဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့တဲ့ကိစ္စပေါ်လာတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။
KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)အချုပ်ထဲကနေ ဒီဇင်ဘာ ၁၃ရက်မနက်အစောပိုင်းက အဲ့ဒီလေးဦးထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ဒီဇင်ဘာ၁၅ရက် ညနေပိုင်း ဆရာမဒေါ်အေသီအောင်အိမ်မှာ ထမင်းသွားတောင်းစားရာကနေ လင်မယားနှစ်ယောက်လုံးကို ဓါးနဲ့ခုတ်သတ်တဲ့အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မောင်ဝင်းစိုးဆိုသူက ဆရာမတို့လင်မယားကို ဓါးနဲ့ခုတ်သတ်ခဲ့တဲ့သူဖြစ်ပြီး၊ ကျန်သူသုံးဦးကတော့ ဆရာမခင်ပွန်းသည် ဦးပြည့်ဖြိုးနိုင်ကိုဖမ်းချုပ်ပေးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဆရာမတို့လင်မယားနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် နားကပ်၊ ဆွဲကြိုးနဲ့လက်ကောက်တို့ကိုယူပြီး ထိုင်းနိုင်ငံဘက်ထွက်ပြေးဖို့ ကြိုးပမ်းနေချိန်မှာ သူတို့လေးဦးကိုပြန်လည်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
၂၀၂၁ခုနှစ် အာဏာမသိမ်းခင်က ပုလောမြို့နယ် အမက(၃)ကျောင်းအုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမကြီးဒေါ် အေသီအောင်ဟာ နွေဦးတော်လှန်ရေးမှာ ပုလောမြို့နယ်၊ အခြေခံပညာရေးဘုတ်အဖွဲ့တာဝန်ခံတာဝန်ကို စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ပေးတဲ့သူဖြစ်ကြောင်း NUGပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုလောမြို့ဇာတိ မူလတန်းကျောင်းအုပ်ဟောင်း ဆရာမဒေါ် အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးပြည့်ဖြိုးနိုင်တို့ဇနီးမောင်နှံဟာ ၂၀၂၄ခုနှစ် ဇွန်လ ၂၁ရက်နေ့ကမှ လွတ်မြောက်နယ်မြေတနေရာမှာ လက်ထပ်ထိမ်းမြားထားကြတဲ့သူတွေဖြစ်ပါတယ်။







Comments