စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ(ခ)ဒေါ်အေသီအောင်နဲ့အမျိုးသားကို လုပ်ကြံခဲ့တဲ့သူသုံးဦး ဖမ်းမိထားပြီ
- BVJ

- Dec 18, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၇၊ ၂၀၂၅

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ ဆားခဲကျေးရွာက NUG ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲသူသုံးဦးကို ဖမ်းမိထားပြီလို့နယ်မြေခံတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
“နယ်မြေခံ KNDOနဲ့ PDF တပ်ဖွဲ့က လုပ်ကြံသူ၃ယောက်ကိုဖမ်းမိထားပြီလို့ ကြားတယ်ဗျ။ဖမ်းမိထားတဲ့သူတွေက အရပ်သားတွေလား၊ လက်နက်ကိုင်အဖွဲ့ကလူတွေလားဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။ အသေးစိတ်ကို မကြာခင်ထုတ်ပြန်မယ်လို့ထင်တယ်”
မနေ့က နံနက်ပိုင်းတစ်နာရီလောက်မှာ ဆရာမကြီး ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူ ဦးပြည့်ဖြိုးနိုင်တို့ဟာ နေအိမ်အတွင်းမှာအသတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဆရာမကြီး ဒေါ် အေသီအောင်ဟာ ပုလောမြို့သူတစ်ဦးဖြစ်ပြီး၊၂၀၂၁ခုနှစ် အာဏာမသိမ်းခင်က ပုလောမြို့နယ် အမက(၃)ကျောင်းရဲ့ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM လုပ်ပြီးနောက် လွတ်မြောက်နယ်မြေမှာကလေးတွေ စာသင်ပေးနေတဲ့သူဖြစ်ပါတယ်။
ဆရာမကြီးဒေါ် အေသီအောင်ဟာ နိုင်ငံအတွက် CDM နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေးမှာ ပုလောမြို့နယ်၊ အခြေခံပညာရေးဘုတ်အဖွဲ့တာဝန်ခံအဖြစ် ပြည်သူ့အကျိုးအတွက် တာဝန်ကျေပွန်စွာစွမ်းစွမ်း တမံကြိုးပမ်းဆောင်ရွက်ပေးတဲ့သူဖြစ်တာကြောင့် ဆရာမကြီး ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ ရက်စက်စွာမတရားသတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်အတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပါဝင်ပတ်သက်ကျူးလွန်သူတွေအားလုံးကို ဖော်ထုတ်အရေးယူအပြစ်ပေးပြီး တရားမျှတမှုရရှိစေရန် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ်တွင်းက ဆားခဲရွာဟာ KNU တပ်မဟာ၄ ၊ KNDOတပ်ရင်း ၇ ၊တပ်ခွဲ ၂က အပြည့်အဝထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ် တနေရာမှာဖြစ်ပါတယ်။
ဆရာမကြီး ဒေါ် အေသီအောင်တို့ဇနီးမောင်နှံဟာ ဒေသတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့စာတတ်မြောက်ရေးအတွက် ရှေ့တန်းကနေဦးဆောင်ကြိုးပမ်းနေသူဖြစ်တယ်လို့လည်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ဆရာမကြီးတို့လင်မယားက သိပ်သဘောကောင်းပါတယ်။ ရန်ငြိုးဖွဲ့ပြီး မုန်းတီးရမယ့်ကိစ္စမျိုးလည်း သူတို့မလုပ်ဖူးပါဘူး”လို့ပြောပါတယ်။
အခုလိုအပြစ်မဲ့ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းကောင်း ပညာရေးဝန်ထမ်းကောင်းတွေကို ရက်စက်စွာသတ်ဖြတ်တာဟာ လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချတယ်လို့လည်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြစ်မှုကျူးလွန်သူတွေကို အစွမ်းကုန်လိုက်လံစုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း တရားခံတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေရရှိပါက တပ်ရင်းတာဝန်ရှိသူတွေထံ သတင်းပေးကြဖို့လည်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ပြောဆိုထားပါတယ်။







Comments