သမ္မတဦးဝင်းမြင့်ကိုပဲဆက်ပြီးအသိအမှတ်ပြုသွားမယ်လို့ CDMကောင်စီ ၈ဖွဲ့ ပူးတွဲထုတ်ပြန်
- BVJ

- Apr 20
- 1 min read
အီးကေ/BVJ_ဧပြီ ၁၈၊ ၂၀၂၆

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစတင်ပြီး မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း ဒီကနေ့ ဧပြီ၁၈ရက်နေ့မှာ CDM ကောင်စီ ၈ခုက စုပေါင်းကြေညာပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကနေတဆင့် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ အာဏာအပ်နှင်းခံရတဲ့ဦးဝင်းမြင့်ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ယနေ့တိုင်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း၊ CDM ကောင်စီ ၈ခုထဲမှာပါဝင်တဲ့ CDMနိုင်ငံ့ဝန်ထမ်းတွေအားလုံးက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပေါ်မှာသာ ဆက်လက်သစ္စာစောင့်သိနေဆဲ ဖြစ်ကြောင်း၊ သမ္မတကြီးအနေနဲ့ ကျန်းမာစွာနဲ့တိုင်းပြည်နဲ့လူမျိုးအကျိုး၊ နိုင်ငံတော်အကျိုးတို့ကို ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်ကို ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်း များကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း (YFCCO)နဲ့ ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ) တို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ကို စစ်တပ်ကဖမ်းဆီးအာဏာသိမ်းတာကို လက်မခံဆန့်ကျင်တဲ့နိုင်ငံဝန်ထမ်းတွေက ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ သပိတ်မှောက်တဲ့အနေနဲ့ CDMလှုပ်ရှားမှု Civil Disobedience Movement စုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။




Comments