လက်နက်၊ရိက္ခာနဲ့ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံကို AAကပေးခဲ့တယ်လို့ ဒိုင်ရ်တပ်ဖွဲ့ အသိပေး
- BVJ

- Sep 22
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၂၂၊ ၂၀၂၅

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF - Daai တပ်ဖွဲ့ကိုကျစ်လျစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေဖို့အတွက် အာရက္ခတပ်တော်-AAက စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ခြင်း၊ ရိက္ခာထောက်ပံ့ခြင်းနဲ့ ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံတွေရရှိဖို့ လက်တွဲခေါ်ဆောင်အကူအညီပေးခဲ့တာဖြစ်တယ်လို့ CDF - Daai က တပ်ဖွဲ့တည်ထောင်ခြင်း လေးနှစ်ပြည့်နေ့ဖြစ်တဲ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် အာရက္ခတပ်တော် အာလဖာ(၃)စစ်ဒေသကို အထူးကျေးဇူးတင်ကြောင်းနဲ့ အာရက္ခတပ်တော်-AA နဲ့ ရေရှည်တည်တံခိုင်မြဲတဲ့မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမှာလို့ CDF-Daaiက ပြောထားပါတယ်။
ဒါ့အပြင် CDF - Daai အဖွဲ့ ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံး အပတ်စဥ်-၁ နဲ့ အပတ်စဥ်-၂တို့မှာ စစ်ပညာသင်ကြားပေးခဲ့တဲ့ CDF - Mindat တပ်ဖွဲ့ကိုလည်းအထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်တောင်ပိုင်းရှိ မြို့နယ်လေးခုမှာပြန်ကြဲနေတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေကိုစုစည်းပြီး ဒိုင်ရ်ဒေသန္တရကောင်စီဖွဲ့စည်းဖို့ဆောင်ရွက်နေတာ အတိုင်းအတာတခုအထိအောင်မြင်နေပြီးဖြစ်ကြောင်းနဲ့ ဒိုင်ရ်ဒေသအားလုံးကို အုပ်ချုပ်ရေးယူနစ်တခုထဲအောက်မှာ စုစည်းနိုင်ဖို့ဆက်လက်ကြိုးစားသွားပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးတို့မှာ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောက်ရွက်သွားမယ်လို့လည်း လေးနှစ်ပြည့်မှာကြေညာပါတယ်။
လေးနှစ်အတွင်း အသက်ခန္ဓာနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေလည်း လေးစားဂုဏ်ပြုဦးညွတ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။







Comments