ပြည်နယ်ထဲဝင်လာတဲ့ စစ်အုပ်စုကိုခုခံရင်း ချင်းရဲဘော် ၇ ယောက်ကျဆုံး
- BVJ

- Dec 1, 2025
- 1 min read
တော်လှန်ရေးတပ်ထိန်းချုပ်နေရာအချို့ ပြန်လက်လွှတ်ခဲ့ရ
မိုနာ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅

ချင်းဒေသတွင်းကို စစ်အုပ်စုကစစ်ကြောင်းသုံးကြောင်းနဲ့ဝင်လာတာကို ခုခံချေမှုန်းရင်း ချင်းလဲန်းအင်အားစုဘက်ကရဲဘော် ၇ ယောက်ကျဆုံးခဲ့တယ်လို့ CDF Civic Defense Militia – CDM Siyin ကသိရပါတယ်။
စစ်အုပ်စုဟာ အောက်တိုဘာလကုန်ပိုင်းကစကာ တီးတိန်မြို့ပေါ်ကိုလေကြောင်းနဲ့အင်အား အကြိမ်ကြိမ်ပြန်လည်ဖြည့်တင်းပြီး နိုဝင်ဘာလဆန်းပိုင်းမှာ ချင်းပြည်နယ်အဝင် ခိုင်ကမ်းဘက်ကနေ သိုင်းငင်းဘက်ကိုဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း စတင် ထိုးစစ်ဆင်လာခဲ့ကြောင်းနဲ့ အဲ့ဒီနောက် ရက်အနည်းငယ်အတွင်းမှာ တီးတိန်မြို့ကနေ သိုင်းငင်းဘက်ကို နောက်ထပ်စစ်ကြောင်းတစ်ကြောင်း၊ ကလေးတောင်ပိုင်းကနေ ဝေဘိုလ-ဖလမ်းမြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ထပ်မံထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
အဲ့ဒီထိုးစစ်တွေကို ခုခံတွန်းလှန်ရင်း အင်အားမမျှတာကြောင့်ခုခံဖို့အခက်အခဲရှိလာပြီး ကိုယ့်နေရာကိုကိုယ့်အဖွဲ့အစည်းနဲ့သာ ခုခံတော်လှန်နေရင်း ထိန်းချုပ်နေရာတွေကိုလည်း ပြန်လည်လက်လွှတ်ခဲ့ရကြောင်း CDF Civic Defense Militia – CDM Siyinက မနေ့က နိုဝင်ဘာ ၃၀ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က စစ်ကြောင်း ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် အများအပြားကို ခုခံချေမှုန်းနိုင်ခဲ့ကြပေမယ့် ချင်းပြည်၊ ချင်းလဲန်းအင်အားစုတွေဘက်ကလည်း ရဲဘော် (၇)ယောက် မြင့်မြတ်စွာအသက်ပေးဆပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေက နေ့တိုင်းနီးပါးဖြစ်ပွားပြီး ကလေး-တီးတိန်လမ်းမကြီးနဲ့ ကလေး-ဖလမ်းလမ်းမကြီးတွေရယ်ကို ချင်းကာကွယ်ရေးတပ်တွေဘက်ကလက်လွှတ်လိုက်ရကြောင်း CDF CDM Siyinပြောရေးဆိုခွင့်ရှိသူက Burma VJကိုပြောပါတယ်။
“ဝေဘူလဘက်ကတက်လာတဲ့ စစ်ကြောင်းဆို ဖလမ်းဘက်ကိုရောက်ခါနီးပြီလို့သိရတယ်ဗျ။ ခုခံကာကွယ်နေဆဲပါ။ ကျနော်တို့ဒေသဆိုစစ်ကြောင်း နှစ်ကြောင်းနဲ့ထိုးလာတာပါ။ ပြည်သူတွေလည်း အသွားအလာသတိရှိဖို့၊ သူတို့ဘက်ကအထိနာတော့ပြည်သူတွေလည်း သူတို့ဂရုစိုက်မှာမဟုတ်တော့ သည်းခံကြဖို့နဲ့သူတို့ရှိတဲ့နေရာတွေကို ရှောင်ကြဖို့ မှာချင်ပါတယ်”လို့ ပြောပါတယ်။
အခုနှစ် မေလကနေ သြဂုတ်လအတွင်းမှာလည်း စစ်ကိုင်းတိုင်းကနေ ကလေးမြို့ကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုအင်အား (၈၀၀)ခန့်ကို ချင်းပြည်တပ်ပေါင်းစုနဲ့ စစ်ဒေသ (၁) မဟာမိတ်အင်အားတွေက ခုခံကာကွယ်ရင်း တိုက်ပွဲတွေအတွင်းမှာ လက်နက်ခဲယမ်းတွေရရှိခဲ့သလို ကာကွယ်ရေးရဲဘော် ၁၂ယောက်လည်းကျဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာအင်အာပြန်ဖြည့်ပြီး နိုဝင်ဘာမှာစစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။







Comments