CDF - အရှို စစ်ရေးလှုပ်ရှားနယ်မြေမှာ အေးချမ်းစွာစာသင်ကြားခွင့်ရှိစေဖို့ ဆရာမတွေကို မခြိမ်းခြောက်ဖို့ ကြေညာ
- BVJ

- May 19, 2025
- 1 min read
BVJ/မိုနာ_ မေ ၁၉၊ ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေက အခြေခံပညာသင်အဆင့်ကျောင်းတွေမှာ လွတ်လပ်စွာပညာသင်ကြားခွင့်ရှိစေဖို့ ချင်းကာကွယ်ရေးတပ် - အရှို(CDF - အရှို)က ဒီနေ့ မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။
CDF - အရှိုရဲ့ စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အခြေခံပညာအဆင့် ကျောင်း ဆရာ / ဆရာမတွေကို ခြိမ်းခြောက်ခြင်း ၊နှောက်ယှက်ဟန့်တားခြင်း ၊ ဖမ်းဆီးထိန်းသိမ်းခြင်း ၊ ပညာသင်ကြားမှုကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းကို ချင်းကာကွယ်ရေးတပ် - အရှို အနေနဲ့ လုံး၀( လုံး၀ )ပြုလုပ်မှာမဟုတ်ဘဲ အဲ့ဒီလိုပြုလုပ်သူ မည်သူမဆိုကိုလည်း တားမြစ်အရေးယူမယ်လို့ အသိပေးထားပါတယ်။
“ကျနော်တို့ရည်ညွှန်းတဲ့ကျေးရွာတွေသည် တောင်ပေါ်ဒေသကျေးရွာတွေဖြစ်တဲ့အတွက် နိုင်ငံအေးချမ်းတဲ့ကာလကတည်းကပင် စာသင်ကြားမှုအပိုင်းတွေ နောက်ကျတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ဆရာ၊ဆရာမတွေ လာရောက်သင်ကြားပေးမှုတွေ လာရောက်တာဝန်ထမ်းဆောင်မှုတွေ လစ်ဟင်းပျက်ကွက်မှုတွေရှိတယ်။ အခုချိန်မှာလည်း ဒီစစ်ပွဲတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီဆရာမတွေမလာဖြစ်ကြတော့ဘူးပေါ့။ အဲ့လိုအကြောင်းအရာတွေဖြစ်တာကြောင့် မေတ္တာရပ်ခံတဲ့အနေနဲ့ ကျနော်တို့ကဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးတော့မှ အေးချမ်းစွာစာသင်ကြားလို့ရတယ်ဆိုတာကို သိစေချင်တဲ့ မက်ဆေ့ချ်နဲ့ ဒါကိုထုတ်ပြန်ရတာဖြစ်ပါတယ်”လို့ CDF - အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက Burma VJကို ပြောပါတယ်။
အခု ၂၀၂၅ - ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာကြောင့် ကျောင်းနေအရွယ် ကလေးတွေပညာသင်ကြားဖို့လိုအပ်နေတဲ့အတွက် အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းတွေအနေနဲ့ ကလေးတွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ သုံးချက်ကို ခံယူအလေးထားလျက်လွတ်လပ်စွာ သင်ကြားမှုပြုလုပ်ဖို့နဲ့ CDF - အရှိုအနေနဲ့ စစ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ အဓိကဦးတည်တိုက်ခိုက်နေတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDF - အရှိုအနေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အတူ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကိုပါ လေးစားလိုက်နာမှုရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။




Comments