ချင်းပြည်သူတွေမဲမပေးကြဖို့ ချင်းပြည်ကောင်စီတိုက်တွန်း
- BVJ

- Oct 30
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅

ချင်းပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ မဲမပေးကြဖို့ကို ချင်းပြည်ကောင်စီက မနေ့က အောက်တိုဘာ ၂၉ရက်မှာ ထုတ်ပြန်ချက်ထုတ်တိုက်တွန်းလိုက်ပါတယ်။
အတင်းအဓမ္မဆန္ဒမဲပေးဖို့စေခိုင်းခြင်းအပေါ်မှာ မိမိရဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်နဲ့ ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲမပေးကြဖို့ကိုတိုက်တွန်းလာတာပါ။
ချင်းပြည်ကောင်စီရဲ့ စစ်အုပ်စုရွေးကောက်ပွဲအပေါ်ကန့်ကွက်ကြောင်းထုတ်ပြန်ချက်ထဲမှာ အတုအယောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ့ ထွက်ပေါ်လာမယ့်ရလဒ်တွေကို လုံးဝ(လုံးဝ)ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ Non-CDMဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲမှာပါဝင်ခြင်းဟာ စစ်တပ်အုပ်ချုပ်ရေးကိုသက်ဆိုးရှည်စေမယ့်အထောက်အကူပေးမှု ဖြစ်တာကို အခုထဲကသိရှိနားလည်ထားဖို့ဆိုပြီးလည်း တိုက်တွန်းထားပါတယ်။
စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဖို့နဲ့ ပံ့ပိုးမှုမလုပ်ဖို့ကိုလည်းတိုက်တွန်းထားပါသေးတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာပြုလုပ်မယ့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းက ဟားခါး နဲ့ တီးတိန်မြို့တို့ပါဝင်ပြီး ချင်းပြည်နယ်ထဲမှာဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦးရှိပါတယ်။
ချင်းပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPက ၂၈ နေရာ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ-NCCက ၂၆ နေရာ၊ ဇိုမီးအမျိုးသားပါတီ-ZNPက ၁၉နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီ-PPPက ၉ နေရာနဲ့ ခူမီးအမျိုးသားပါတီ-KNPက ၁ နေရာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECစာရင်းအရ သိရပါတယ်







Comments