ယာယီအပစ်ရပ်စဲထားတဲ့အပေါ် အလေးထားပေးကြဖို့ စစ်ခေါင်းဆောင်တိုက်တွန်းနေ
- BVJ

- May 30, 2025
- 1 min read
BVJ/ယူဂရင်း_ မေ ၃၀၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် ယာယီအပစ်အခတ်ရပ်စဲထားတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့သက်ဆိုင်သူတွေအနေနဲ့ အလေးထားစဉ်းစားကြဖို့၊ လိုက်နာဆောင်ရွက်ပေးကြဖို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က မေ ၂၉ရက်မှာ ပြောပါတယ်။
အခုနှစ် မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် တနိုင်ငံလုံးရှိပြည်သူတွေ စိတ်ထိခိုက်ခံစားနေရတဲ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်တာကြောင့် ယာယီအပစ်ရပ်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ အလေးထားလိုက်နာကြဖို့ဆိုပြီး နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ ငလျင်ဘေးဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က တိုက်တွန်းလာတာပါ။
စစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့်ဆိုပြီး ဧပြီ ၂ရက်ကနေ အခုလကုန်အထိ ယာယီအပစ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် မန္တလေး၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့နေရာတွေကို နေ့တိုင်းနီးပါးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို လုပ်ဆောင်နေတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေကိုလည်း လုပ်ဆောင်နေတာပါ။
အခုလ ၁၂ရက်မှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျောင်းသူ၊ကျောင်းသား ကလေးတွေနဲ့ ဆရာမ နှစ်ယောက်အပါအဝင် သေဆုံးသူစုစုပေါင်း (၂၄)ယောက်ရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ တစ်ရာကျော်ရှိခဲ့ပါတယ်။
မေလ ၁၃ရက်မှာလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ (၁၃)ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ သုံးဆယ်ကျော်ရှိခဲ့ပါတယ်။




Comments