အညာဒေသမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပိုဖြစ်နေဟု အစီရင်ခံစာဖော်ပြ
- BVJ

- Jan 6
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၆၊ ၂၀၂၆

စစ်အုပ်စုကအာဏာသိမ်းနောက်ပိုင်းမှာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ သိသိသာသာမြင့်တက်လာပြီး အထူးသဖြင့် အညာဒေသတွင်းမှာစိုးရိမ်ဖွယ်ရာမြင့်တက်လာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWUကရေးသားပြုစုတဲ့ “ခန္ဓာကိုယ်အားစစ်လက်နက်အဖြစ် အသုံးပြုခြင်း” အစီရင်ခံစာကဖော်ပြပါတယ်။
BWUရဲ့အချက်အလက်အရ အဓိကကျူးလွန်သူတွေဟာ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေဖြစ်ကြပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နဲ့တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေအတွင်းမှာရှိတဲ့ အရပ်သားအချို့ဟာလည်း ပဋိပက္ခနဲ့ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်နေကြောင်းတွေ့ရှိရတယ်လို့ဆိုထားပါတယ်။
အဲ့ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အသစ်ပေါ်ပေါက်လာတဲ့တော်လှန်ရေးအဖွဲ့/တပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာပိုမိုဖြစ်ပွားလျက်ရှိကြောင်းနဲ့ ဒေသတွင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ဂျဲန်ဒါအခြေပြုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို လက်ရှိတော်လှန်ရေးကာလအတွင်း ဦးစားပေးကိုင်တွယ်ဖြေရှင်းနေသင့်ပေမယ့်လည်း တာဝန်ယူလုပ်ဆောင်မှုရှိနေဘူးလို့ အစီရင်ခံစာကပြောထားပါတယ်။
“မြန်မာနိုင်ငံရဲ့ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် လိင်မှုပြုရန်သာရှိနေသည့် အရာဝတ္ထုများသဖွယ်ပစ်မှတ်ထား ကျူးလွန်ချိုးဖောက်ခံနေရပြီး ၄င်းတို့အား မုဒိမ်းပြုကျင့်မှုကိုလည်း စစ်လက်နက်သဖွယ်အသုံးပြုနေကြသည်”
အစီရင်ခံစာအတွင်း စစ်ကိုင်း၊ ဧရာဝတီ၊ပဲခူး၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့က အမှုပေါင်း ၈၈ ခုကိုကောက်ယူဖော်ပြခဲ့ပြီး အဲ့ဒီထဲမှာစစ်အုပ်စု၊ပျူစောထီး၊ပြည်သူ့စစ်နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ကျူးလွန်ထားတဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၁မှုပါဝင်ပါတယ်။ အဲ့ဒီထဲက ၁၀ ခုဟာ အုပ်စုလိုက်မုဒိမ်းကျင့်မှုဖြစ်ကြောင်းနဲ့ အမှုပေါင်း ၃၁မှုထဲက ၂၁မှုဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၄၊ဇန်နဝါရီ ၁ရက်နေ့ကနေ ၂၀၂၅၊ဇူလိုင် ၃၁ရက်အထိ တော်လှန်ရေးအဖွဲ့တွေကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့နှောက်ယှက်မှုဖြစ်စဉ် ၂၈မှုရှိခဲ့ပြီး အဲ့ဒီအမှုအများစုဟာလည်း စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီထဲက ၁၇မှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျူးလွန်မှုဖြစ်ပြီး ၉ခုကတော့ NUGလက်အောက်ခံမဟုတ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကျူးလွန်တာဖြစ်တယ်လို့ အစီရင်ခံစာအရသိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအတွင်းက ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှာ CDMအဖြစ်ပါဝင်နေသူ တစ်ဦးကျူးလွန်ခဲ့တဲ့ အုပ်စုလိုက်မုဒိမ်းကျင့်မှု (၁)မှုနဲ့ ကရင်နီပြည်နယ်ရှိ ကရင်နီတပ်မတော်-KAအဖွဲ့ဝင်တစ်ဦးကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု (၁)မှုတို့လည်း အစီရင်ခံစာထဲမှာပါဝင်ပါတယ်။
ပြီးတော့ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်မှုအောက်မှာရှိတဲ့ လွတ်မြောက်နယ်မြေအတွင်းက အရပ်သားတွေကျူးလွန်ခဲ့တဲ့ မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ဖို့ကြိုးစားမှု၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု(လူ၊အွန်လိုင်း)နဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအပါအဝင် လိင်အကြမ်းဖက်မှုဖြစ်စဉ် ၂၉မှုကိုလည်းအစီရင်ခံစာမှာ ဖော်ြပပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ အစီရင်ခံစာကိုမနေ့က ဇန်နဝါရီ ၅ရက်မှာထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား/လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေကို အကြံပြုချက်တွေဖော်ပြထားပါတယ်။
NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား/လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေအတွက် အကြုံပြုချက်ထဲမှာတော့ အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးနိုင်ဖို့အတွက် ကျစ်လစ်ခိုင်မာတဲ့ဥပဒေတွေနဲ့မူဝါဒတွေကို ချမှတ်ဖော်ဆောင်ဖို့၊ ကျူးလွန်သူတွေကိုပွင့်လင်းမြင်သာမှုအပြည့်နဲ့ အရေးယူဆောင်ရွက်ဖို့၊ ရှင်သန်လွတ်မြောက်လာသူ တွေအတွက် အရေးပေါ်ဝန်ဆောင်မှုနဲ့ပံ့ပိုးကူညီမှုတွေနဲ့လိုအပ်တဲ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးဖို့ အတွက် အခွင့်အလမ်းဖွင့်ပေးဖို့ စတာတွေပါဝင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေကို အကြံပြုချက်တိုက်တွန်းချက်ထဲမှာတော့ ရာဇဝတ်မှုကျူးလွန်နေတဲ့စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းကိုရှောင်ကြည်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ချက်ခြင်းရုတ်သိမ်းဖို့၊ စစ်ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ထားတဲ့ အာဂျင်တီးနားရဲ့ထုတ်ပြန်မှုကို ပံ့ပိုးကူညီပူးပေါင်းဖို့ စတာတွေပါဝင်ပါတယ်။







Comments