အညာဒေသအပါအဝင် စစ်ဒေသသုံးခုလုံးမှာ မဟာမိတ်တွေနဲ့အတူတိုက်ပွဲဖော်ဆောင်နေဟု BPLAအသိပေး
- BVJ

- May 20
- 1 min read
BVJ/မိုနာ_ မေ ၂၀၊ ၂၀၂၅

စစ်ဒေသသုံးခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLAက မနေ့က မေ ၁၉ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
လုံခြုံရေးစည်းမျဉ်းကြောင့် BPLAကလုပ်ဆောင်နေတဲ့ အကြောင်းအရာအသေးစိတ်တွေကို သတင်းထုတ်ပြန်လေ့မရှိသလို တပ်ဖွဲ့ဝင်တွေကိုလည်း တင်ဖို့ခွင့်မပြုထားကြောင်းနဲ့ တပ်တည်ဆောက်ရေးနဲ့ စစ်ရေးဖော်ဆောင်မှုကိုတော့ စဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ BPLAက အသိပေးလာတာပါ။
“ကျနော်တို့တင်ပြချင်တာကတော့ ကျနော်တို့ BPLA အနေနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ တာဝန်နှစ်ခုရှိပါတယ်။ တခုကတော့ တပ်တည်ဆောက်ရေးနဲ့ နောက်တခုကတော့ စစ်ရေးဖော်ဆောင်မှုပါ။ တော်လှန်ရေးတပ်ဖွဲ့တခု ပီပီပြင်ပြင်ဖြစ်ဖို့အတွက် တပ်တည်ဆောက်ရေးဆိုတာ အသက်သွေးကြောလို့ ပြောရပါမယ်။ တပ်တည်ဆောက်ရေးမှာ ဘာတွေပါဝင်လဲဆိုရင် အင်အားတည်ဆောက်ရေး၊ တပ်တွင်းအုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူထုဆက်ဆံရေး စတာတွေ အဓိကပါဝင်ပါတယ်။ စစ်ရေးဖော်ဆောင်မှုပိုင်းမှာဆိုရင် ကျနော်တို့မှာ စစ်ဒေသသုံးခုရှိပါတယ်။ စစ်ဒေသသုံးခုလုံးမှာရှိတဲ့ မဟာမိတ်များနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေပြီး ရှေ့တန်းမှာ BPLA တပ်ဖွဲ့ဝင်တွေ မရှိတဲ့ရက်တောင် မရှိပါဘူး”
BPLA ဟာ မူရင်းအခြေချ တည်ထောင်ခဲ့တဲ့နေရာဖြစ်တဲ့ ကရင်ပြည်က အမှတ် (၁၀၇) စစ်ဒေသနဲ့ ၂၀၂၂ ခုနှစ်မှာ တိုးချဲ့ဖွဲ့စည်းခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက အမှတ်(၂၀၃)စစ်ဒေသတို့မှာလည်း မဟာမိတ်တွေနဲ့အတူ စစ်ရေးဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိ ၂၀၂၅ခုနှစ်အတွင်းမှာလည်း မြန်မာပြည်အလယ်ပိုင်းမှာ အမှတ် (၃၀၈)အညာစစ်ဒေသကို တိုးချဲ့တည်ဆောက်ကာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ သိရပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေထဲမှာ BPLA လည်းပါဝင်ခဲ့ပါတယ်။











Comments