ဆောင်ထားတဲ့သက်စောင့်ဗုံးပေါက်ကွဲပြီး ဒေသကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံး
- BVJ

- Jul 16
- 1 min read
BVJ/ဇော်-ဇူလိုင် ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားကြီး-Bo Tigerအဖွဲ့က ရဲဘော်တစ်ဦးဟာ သက်စောင့်မိုင်းမတော်တဆမှုဖြစ်ပြီးကျဆုံးခဲ့တယ်လို့ ဗိုလ်ကျားကြီးတပ်ဖွဲ့က ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာသိရပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်ဟာ လေကြောင်းကင်းထောက်တဲ့ကင်းသမားတစ်ဦးဖြစ်ပြီး အခုလ ၁၃ ရက် နေ့လယ်တစ်နာရီလောက်မှာ မတော်တဆဖြစ်ကျဆုံးတာ ဖြစ်တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
“ဒီဘက်တွေက လေယာဉ်နဲ့ နီးကပ်တဲ့နေရာလည်းဖြစ်တယ်။ ဖိုက်တာတွေပစ် လေယာဉ်တွေဝဲတဲ့ အချိန်တွေဆိုတော့ ကင်းသမားတွေက အအိပ်အနေပျက်တယ်ဗျ။ သူတို့မအိပ်မနေဖြစ်တော့ သွေးလေခြောက်ခြားမှုလည်းဖြစ်တယ်။ ကျွန်တော်တို့ဘက်က မြေပြန့်လည်းမဟုတ်ဘူး။ တောင်ဆင်း တောင်တတ်တွေ ကင်းသဘောတို့လို စည်းရိုးတို့ဘာတို့ထဲသွားရဆိုတော့ တောင်တန်းတွေထဲ သွားတဲ့အချိန် ချောတော့လိမ့်ပြီးဖြစ်သွားတာပါ။ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေမှာ ရန်သူနဲ့တွေ့တဲ့အချိန် သက်စောင့်ကိုင်ထားရတာဖြစ်တဲ့အတွက် ပေးထားတဲ့သက်စောင့်မိုင်းတို့ သက်စောင့်အလက်လေးတို့ ကိုင်ထားတာရှိတယ်ဗျ။ အခုဖြစ်သွားတာကတော့ ပေးထားတဲ့ သက်စောင့်မိုင်းနဲ့ မတော်တဆဖြစ်သွားတာ ဖြစ်ပါတယ်ဗျ” လို့ ဗိုလ်ကျားကြီးက Burma VJကို ပြောပါတယ်။
ကျဆုံးသူဟာ အသက် ၄၇ နှစ်အရွယ်ရှိ ရဲဘော်ကံထူး(ခ)ဗိုလ်ကံဖြစ်ပြီး ဗိုလ်ကျားကြီးတပ်ဖွဲ့ စတင်တည်ထောင်ကတည်းက တပ်ဖွဲ့အတွင်းထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျွန်တော့ဦးလေးအရင်းဆိုတော့ ထောက်ပံ့တစ်မျိုး၊ လုပ်ငန်းလုပ်ဆောင်ချက်က အဖွဲ့ထဲမှာတစ်မျိုး ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့တဲ့သူပါ။ ဒီအဖွဲ့နဲ့ပတ်သက်ရင်စတင်တည်ထောင်ကတည်းက ကျွန်တော့်ကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးတယ်။ စောင့်ရှောက်ပေးတယ်။ စားနပ်ရိက္ခာကအစ၊ သွားရေးလာရေးက အစ တည်ထောင်ကတည်းက အကုန်လုံးပံ့ပိုးကူညီပေးတယ်။ အဲဒါမျိုးတွေ တော်တော်များများက ကျွန်တော့်မိသားစုတွေဆွေမျိုးသားချင်းတွေနဲ့ တည်ထောင်ပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျ” လို့ ဗိုလ်ကျားကြီးက ဆက်ပြောပါတယ်။
ဗိုလ်ကျားကြီးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဦးဆောင်မှုနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ပုံစာ-မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးသွားတဲ့ရဲဘော်







Comments