ပျောက်ဆုံးနေတဲ့ BNRAတပ်ဖွဲ့ခေါင်းဆောင်နှစ်ဦးကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ထုတ်ပြလာ
- BVJ

- Feb 20
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်-BNRAက ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ သခင်ဒေါင်းညိုနဲ့သုဘရာဇာတို့နှစ်ဦးကို ထိန်းသိမ်းထားကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့လယ်မှာထုတ်ပြလာပါတယ်။
BNRAတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါး စစ်အုပ်စုဆီမှာအလင်းဝင်သွားပြီးနောက်မှာ BNRAကထိပ်ပိုင်းခေါင်းဆောင်အချို့ပျောက်ဆုံးနေကြောင်းနဲ့ သူတို့ကို ယင်းမာပင် ပကဖတွေကသတ်ဖြတ်လိုက်ပြီဆိုတာမျိုးတွေဟာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။
အဲ့ဒီနောက် ဒီနေ့မှာ သခင်ဒေါင်းညိုနဲ့သုဘရာဇာတို့နှစ်ဦး အသက်ရှင်လျင်ရှိနေကြောင်းကို ယင်းမာပင်ခရိုင်တာဝန်ရှိသူက ထုတ်ပြလာတာပါ။
“သုဘရာဇာ နှင့် ဒေါင်းညို အကောင်းပကတိအတိုင်းပါ။ အကြောက်တရားနဲ့ သွေးမခွဲပါနဲ့။ ဖြူစင်တဲ့နှလုံးသားနဲ့ လူလိုဆက်ဆံထားပါတယ်”လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)-ဓားမဆိုင်းအဖွဲ့ ရဲ့တပ်ရင်းမှူးဗိုလ်စွမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ သုဘရာဇာနဲ့ဒေါင်းညိုတို့နှစ်ဦးရဲ့ ရုပ်သံနဲ့အတူဖော်ပြထားပါတယ်။

ယင်းမာပင်ခရိုင်အတွင်း တာဝန်ရှိသူတစ်ဦးကလည်း သုဘရာဇာနဲ့ဒေါင်းညိုတို့နှစ်ဦးနဲ့ပတ်သက်ပြီး”ဟုတ်ပါတယ်။ ပုလဲပကဖက ထိန်းထားတာပါ”လို့ Burma VJကိုအတည်ပြုပါတယ်။
ပုလဲဒေသခံတစ်ဦးကတော့ ပကဖတပ်ရင်းတွေက BNRAတပ်ဂိတ်တွေကိုဝင်တိုက်တဲ့ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲမှာထဲက သူတို့နှစ်ဦးကိုဖမ်းမိသွားတာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် တခြားပျောက်ဆုံးနေသေးတဲ့ BNRAတပ်ဖွဲ့ခေါင်းဆောင်းပိုင်းတွေလည်းရှိနေပြီး သူတို့ဟာ စစ်အုပ်စုနဲ့ပူးပေါင်းသွားပြီလို့ သတင်းတွေထွက်နေပေမယ့် ဒီပေါ်မှာသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

BNRAတပ်ဖွဲ့ဂိတ်တွေကို NUGကာကွယ်ရေးအောက်က ခရိုင်တပ်ရင်းတွေက အင်အားအလုံးအရင်းနဲ့ ဖေဖော်ဝါရီ ၁၇ရက်မှာဝင်တိုက်ပြီးနောက်မှာ BNRAတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်အုပ်စုဆီမှာလက်နက်ချအလင်းဝင်ကြောင်း စစ်အုပ်စုက ၁၈ရက်ညမှာကြေညာခဲ့ပါတယ်။
ဗိုလ်နဂါးကိုစစ်အုပ်စုက ရဟတ်ယာဉ်နဲ့လာထုတ်သွားတာဖြစ်ပြီး အဲ့ဒီနောက်ဒီနေ့မှာလည်း ဗိုလ်နဂါးလူတချို့ကို စစ်အုပ်စုကလာခေါ်တာတွေရှိနေသေးတယ်လို့ သိရပါတယ်။
NUG ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာတော့ ဗိုလ်နဂါးတပ်ဖွဲ့ဝင် ၁၅၀ခန့်ဟာ PDFနဲ့ပကဖတွေဆီကိုချိတ်ဆက် အဖမ်းခံခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနဲ့လက်နက်အပ်နှံခြင်းတို့ကို ပြုလုပ်နေကြောင်းနဲ့ BNRAအဖွဲ့က ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ဆန္ဒရှိရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဖြစ်စေ ပူးပါင်းပါဝင်ဖို့စီစဉ်ပေးသွားမယ်လို့ ဖော်ပြပါတယ်။




Comments