top of page

ဗိုလ်နဂါးတပ်ဖွဲ့ကလက်နက်တွေလာအပ်ဖို့ ယင်းမာပင် ပကဖ ကြေညာ

  • Writer: BVJ
    BVJ
  • Feb 19
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

 ၂၀၂၄၊မေလ (၁၁)ရက်က BNRAတပ်ဖွဲ့(အပတ်စဥ် - ၁)သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်နေပုံ။
 ၂၀၂၄၊မေလ (၁၁)ရက်က BNRAတပ်ဖွဲ့(အပတ်စဥ် - ၁)သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်နေပုံ။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAအဖွဲ့ထုတ်ပေးထားတဲ့လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ရဲဘော်တွေအနေနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ခရိုင်/မြို့နယ် ပကဖအဖွဲ့တွေဆီကိုချိတ်ဆက်ပြီး လက်နက်လာရောက်အပ်နှံကြဖို့ကို အခုနေ့လယ်မှာ ယင်းမာပင်ခရိုင်ပကဖက ကြေညာပါတယ်။


ရဲဘော်တွေအနေနဲ့ BNRAအဖွဲ့အစည်းကထုတ်ပေးထားတဲ့လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချ၊ပေါင်နှံ၊ဖျောက်ဖျက်၊ဖျက်ဆီးတာတွေမလုပ်ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ရင်ပြင်းထန်စွာအရေးယူမယ်လို့လည်း ပကဖ ကြေညာချက်မှာဖော်ပြပါတယ်။


သက်ဆိုင်ရာ ရပ်ကျေး/တိုက်နယ် ပကဖ/ပအဖတွေအနေနဲ့လည်း မိမိနယ်မြေမှာအခြေချနေထိုင်တဲ့ BNRAရဲဘော်တွေရှိရင် သတင်းစကားပါးဖို့နဲ့ ခရိုင်တာဝန်ခံတွေနဲ့ချိတ်ဆက်‌ပေးဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။


BNRAခေါင်းဆောင် ဗိုလ်နဂါးအလင်းဝင်လာကြောင်း စစ်အုပ်စုကမနေ့ညက ကြေညာပြီးချိန်မှာ ယင်းမာပင် ပကဖက အခုလိုထုတ်ပြန်လာတာပါ။

ဗိုလ်နဂါး လက်နက်ချအလင်းဝင်လာကြောင်း စစ်အုပ်စုကြေညာထားပုံ။
ဗိုလ်နဂါး လက်နက်ချအလင်းဝင်လာကြောင်း စစ်အုပ်စုကြေညာထားပုံ။

ဒါ့အပြင် ဗိုလ်နဂါးအလင်းဝင်ပြီးနောက် သူ့တပ်ဖွဲ့ကခေါင်းဆောင်ပိုင်းတချို့လည်းပျောက်ဆုံးနေကြောင်းကို ယင်းမာပင်ခရိုင်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။


စစ်အုပ်စုကကြေညာထားတဲ့ ဗိုလ်နဂါးအလင်းဝင်တဲ့သတင်းမှာတော့ ညနေ ၄း၅၀အချိန်ခန့်မှာ ဗိုလ်နဂါးနဲ့မိသားစုဝင်တွေဟာ လက်နက်မျိုးစုံ ၆လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ပုလဲမြို့နယ်အတွင်းက စစ်အုပ်စုတပ်စခန်းဆီကို ဆက်သွယ်သတင်းပို့ အလင်းဝင်လာကြတာလို့ဆိုထားပါတယ်။


NUGပြည်ထဲရေးက မနေ့ကည ဖေဖော်ဝါရီ ၁၈ရက်ညက ဗိုလ်နဂါးအမှုတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့ အရေးပေါ်ထုတ်ပြန်ချက်ထဲမှာ ဗိုလ်နဂါးတပ်ဖွဲ့ဝင် ၁၅၀ခန့်ဟာ PDFနဲ့ပကဖတွေဆီကိုချိတ်ဆက် အဖမ်းခံခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနဲ့လက်နက်အပ်နှံခြင်းတို့ကို ပြုလုပ်နေပြီလို့ဖော်ပြထားပါတယ်။

 ၂၀၂၄၊မေလ (၁၁)ရက်က BNRAတပ်ဖွဲ့(အပတ်စဥ် - ၁)သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်နေပုံ။
 ၂၀၂၄၊မေလ (၁၁)ရက်က BNRAတပ်ဖွဲ့(အပတ်စဥ် - ၁)သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်နေပုံ။

NUGထုတ်ပြန်ချက်ထဲမှာ ဗိုလ်နဂါးနဲ့သူ့တပ်ဖွဲ့ဝင်တွေကျူးလွန်မှုနဲ့ တိုင်တန်းချက်ဆိုတာတွေကိုဖော်ပြထားပြီး အဲ့ဒီထဲမှာ မိန်းကလေးငယ်နှစ်ဦးကိုသက်ငယ်မုဒိမ်းမှုကျူးလွန်ခြင်း၊ PDFတွေကိုသေနတ်နဲ့ပစ်သတ်မှု၊ NUGဂိတ်စခန်းကိုစီးနင်းမှု၊ ပကဖရဲဘော် (၁၀)ယောက်ကိုကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဥယျာဉ်နယ်မြေမှာ ဆင်မပိုးအိစံကိုသတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ မုဒိမ်းကျင့်ဖို့ကြံစည်တယ်စွပ်စွဲပြီး လူသတ်၊အလောင်းဖျောက်တဲ့အမှု စတာတွေပါဝင်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page