BNRAနဲ့YDFက ကိုယ်လက်အင်္ဂါစွန့်ထားရတဲ့ရဲဘော်တွေအတွက် သူပုန်ဖြူTeamက ငွေကြေးနဲ့လက်ဆောင်ပေးပို့
- BVJ

- 6 days ago
- 1 min read
ယူဂရင်း/BVJ_ ဒီဇင်ဘာ ၈၊ ၂၀၂၅

တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ BNRAရဲဘော်တွေနဲ့ ယောကာကွယ်ရေးတပ်က ရဲဘော်တွေအတွက် အာရက္ခတပ်တော်(AA)ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူTeamကငွေကြေးနဲ့လက်ဆောင်ပေးပို့ခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAက ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ ရဲဘော်တွေအတွက် သူပုန်ဖြူကဗျာစာအုပ်နဲ့ ငွေကျပ်တစ်သိန်းပါလွယ်အိတ်တွေကို ပေးပို့ခဲ့အတွက် ကျေးဇူးတင်ကြောင်းကို အခု ဒီဇင်ဘာ ၆ရက်နေ့မှာ BNRAအိုးစားဖက်က အသိပေးထားပါတယ်။
ယောကာကွယ်ရေးတပ် - YDFကလည်း စစ်အာဏာရှင်တော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ရင်း ဒဏ်ရာရကာကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ရဲဘော်တွေအတွက် အာရက္ခတပ်တော် - AAဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရေးသားတဲ့ သူပုန်ဖြူကဗျာစာအုပ် (၂၅)အုပ်ကို သူပုန်ဖြူအဖွဲ့ကပေးအပ်ခဲ့တဲ့ ဒဏ်ရာရရဲဘော်တွေကဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ စိတ်ခွန်အားတရပ်ရရှိခဲ့ကြောင်းကို ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

သူပုန်ဖြူအဖွဲ့အနေနဲ့ ချင်းအမျိုးသားကာကွယ်ရေတပ်-CNDFက ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ရဲဘော်တွေအတွက် ငွေကျပ် ၄၂ သိန်းအပါအဝင် သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံးတို့ကိုပေးအပ်ခဲ့ကြောင်းကိုလည်း CNDFက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ရက်မှာအသိပေးထုတ်ပြန်ခဲ့ပါသေးတယ်။
သူပုန်ဖြူအဖွဲ့က အခုပေးအပ်ခဲ့တဲ့အဖွဲ့တွေဟာ AAတပ်ဖွဲ့ကဖော်ဆောင်တဲ့ စစ်ဆင်ရေးတွေမှာပူးပေါင်းပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။
ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့ “သူပုန်ဖြူ”လို့အမည်ပေးထားတဲ့ တော်လှန်ရေး ကဗျာစာအုပ်ကို အခုနှစ် မေလက ရခိုင်-မြန်မာနှစ်ဘာသာနဲ့ထုတ်ဝေခဲ့တာပါ။
အဲဒီကဗျာစာအုပ်ကို တော်လှန်ရေးနယ်မြေတွေကနေတဆင့် ထိုင်းနိုင်ငံအပါအဝင်ပြည်တွင်း ပြည်ပမှာရောင်းချခဲ့သလို Onlineကနေ လေလံတင်ရောင်းချခဲ့ရာမှာလည်း အမေရိကန်ဒေါ်လာ လေးသောင်းအထိရရှိခဲ့ပါတယ်။ အဲဒီလေလံဈေးဟာ မြန်မာနိုင်ငံက ကဗျာစာအုပ်တစ်အုပ်အတွက် ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ အမြင့်ဆုံးစျေးလည်းဖြစ်ပါတယ်။
သူပုန်ဖြူTeamအနေနဲ့လည်း “သူပုန်ဖြူကဗျာများစုစည်းမှု” ကဗျာစာအုပ် လေလံဆွဲပွဲနဲ့ရောင်းရငွေရဲ့ အမြတ်အစွန်းတွေထဲက ၃၅ရာခိုင်နှုန်းကို လက်ရှိတော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်အသုံးပြုသွားမယ်လို့ တရားဝင်ကြေညာထားတာဖြစ်ပါတယ်။







Comments