ဗိုလ်နဂါးတပ်ဖွဲ့ကိုဆန္ဒပြဖို့ တိုက်နယ်ဥက္ကဌတွေကိုဖိအားပေးခိုင်းစေမှုတွေရှိနေ
- BVJ

- Jan 26
- 1 min read
ဆန္ဒပြအဖွဲ့တွေက ကတိနှစ်ခုပေးရင် တော်လှန်ရေးကနှုတ်ထွက်မယ်လို့ ဗိုလ်နဂါး စိန်ခေါ်
မိုနာ/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRAကိုအလိုမရှိကြောင်းဆန္ဒပြဖို့ ဒေသတွင်းကတိုက်နယ်ဥက္ကဌတွေကို ဖိအားပေးခိုင်းစေမှုတွေရှိခဲ့တယ်လို့ အဲ့ဒီအခြေအနေကိုကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။
BNRAတပ်ဖွဲ့ကိုအလိုမရှိကြောင်း အခုလ ဇန်နဝါရီ၂၂ရက်မှာ ပုလဲမြို့နယ်အတွင်းကျေးရွာမှာ ဒေသခံတွေအပါအဝင် လူနှစ်ရာခန့်ကကြွေးကြော်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲ့ဒီမတိုင်ခင်ထဲက ဆန္ဒပြဖို့ဖိအားပေးနေတာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“တချို့တွေကမပြချင်ဘူး။ပြဖို့အကြောင်းပြချက်လည်းမရှိဘူးပေါ့။ မပြချင်တော့ ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ဆွဲနေတာရှိတယ်။ ဒါပေမယ့် ဒီနေ့မပြရင်နောက်ရက်ပြရမယ်ဆိုပြီး တိုက်နယ်ဥက္ကဌတွေကိုဖိအားပေးထားတယ်။ တိုက်နယ်ကဦးဆောင်ပြီး ဒီဆန္ဒပြတာတွေကိုလုပ်ရမယ်ပေါ့။ နှစ်ဖက်ကြားထဲမှာ တချို့ကနေရခက်နေတဲ့အခြေအနေမျိုးတွေ မဆန့်ကျင်ရဲတာမျိုးတွေရှိတယ်”
ဆန္ဒပြသူတွေဟာ”BNRAကိုအလိုမရှိ၊ NUGအစိုးရ တို့အစိုးရ၊ NUGဖြိုခွဲမည့်အကြံ တို့လက်မခံ၊ PDFတပ်မတော် တို့တပ်မတော်၊ ပအဖဦးဇော်ထက်အား သေနတ်နဲ့ပစ်သတ်ခြင်းကို ထိရောက်စွာဖြေရှင်းပေး”ဆိုပြီး ကြွေးကြော်ခဲ့ကြတာပါ။

အဲ့ဒီဆန္ဒပြမှုတွေမဖြစ်ပွားခင်မှာ ပုလဲဒေသတွင်းမှာ ဗိုလ်နဂါးတပ်ဖွဲ့-BNRAကအခွန်ဂိတ်တွေနဲ့ NUGအောက်က ပသုံးလုံးအခွန်ဂိတ်တွေကို နှစ်ဖက်တပ်ဖွဲ့ဝင်တွေက အပြန်အလှန်ပစ်ခတ်ဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးတာမျိုးလည်းမရှိသေးဘဲ အခုလိုဆန္ဒပြမှုတွေပေါ်ပေါက်လာတာပါ။
ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဗိုလ်နဂါးက” ဘာပဲဖြစ်ဖြစ်ဆန္ဒပြချိန်မှာ ပြည်သူတွေလည်းပါနေတာဖြစ်လို့ အဲဒီပါဝင်တဲ့ပြည်သူတွေရဲ့ဆန္ဒကိုကျနော့်ဘက်ကအလေးထားပြီး လက်ခံပေးပါ့မယ်။ အပြန်အလှန်အားဖြင့်တော့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့အဖွဲ့အစည်းနဲ့လူကြီးမင်းများရော ပါဝင်ပေးကြတဲ့ပြည်သူများကိုရော ကျနော်ကတိတခုစီတောင်းချင်ပါတယ်။
အဲဒါကတော့ လူကြီးမင်းများနဲ့ လူကြီးမင်းများရဲ့အဖွဲ့အစည်းကလည်း မိမိတို့အပေါ် ဆန္ဒပြတဲ့
ပြည်သူတွေရှိလာရင် တရားမျှတမှုအတွက်တောင်းဆိုခံထားရတာမျိုးတွေရှိထားခဲ့ရင် အဲဒီပြည်သူတွေရဲ့ဆန္ဒအတိုင်းတာဝန်ခံပြီး လိုက်နာလုပ်ဆောင်ပေးပါ့မယ်ဆိုတဲ့ကတိ။
ဆန္ဒပြရာမှာ ပါဝင်ကြတဲ့ပြည်သူများအနေနဲ့လည်း ခများတို့ကိုဦးဆောင်တဲ့သူတွေနဲ့ ခများတို့ပြိုကွဲမှာစိုးရိမ်နေတဲ့အဖွဲ့အစည်းကြီးကို အခြားကတောင်းဆိုပြသထားတဲ့ပြည်သူတွေရဲ့ဆန္ဒနဲ့ တောင်းဆိုချင်ကြတဲ့ပြည်သူတွေရဲ့ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ပါမလားလို့ပြန်မေးပြီး တာဝန်ခံခိုင်းပေးပါမယ်ဆိုတဲ့ကတိ။
အဲဒီကတိနှစ်ခုပေးတာနဲ့ ခများတို့အလိုမရှိတဲ့ကျနော် တော်လှန်ရေးကနေနှုတ်ထွက်ပြီး ကျနော့်စိုက်ခင်းထဲပြန်ဆင်းပါ့မယ်”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဇန်နဝါရီ ၂၄ရက်က ရေးထားပါတယ်။
ဒီဆန္ဒပြမှုဖြစ်ပွားပြီးနောက်မှာ ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်ကလည်း “ကျောင်းသားများကို ဖိအားပေးပြီး ဆန္ဒပြခိုင်းခြင်းများအပေါ်သဘောထားထုတ်ပြန်ချက်” ဆိုပြီး အခုလ ၂၄ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီထဲမှာ NUGရဲ့ပသုံးလုံးအုပ်ချုပ်ရေးယန္တရားက သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် ကျေးရွာတွေမှာ ဆန္ဒပြပွဲ၊ သပိတ်တွေစီစဉ်တဲ့အခါမှာ ကျောင်းသားလူငယ်တွေရဲ့ စိတ်ဆန္ဒအရမဟုတ်ဘဲ အတင်းအကျပ်ဖိအားပေးလှည့်ဖျားအသုံးချနေကြောင်းနဲ့ ကျောင်သားထုအခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်တွေကို ၂၀၂၄၊၂၀၂၅ခုနှစ်တွေကစ ခပ်စိတ်စိတ်တွေ့လာရပြီး အထူးသဖြင့်ပုလဲမြို့နယ်အတွင်းမှာ ပိုပြီးအတွေ့များလာသလို အခု ၂၀၂၆ နှစ်စမှာလည်း အလားတူဖြစ်စဉ်မျိုးထပ်မံတွေ့လာရတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ကျောင်းသားလူငယ်တွေကို ကိုယ်ကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေအတွက် လှည့်ဖျားအသုံးချခြင်း၊ အထူးသဖြင့် ပကဖ၊ပအဖ၊ပလဖ အုပ်ချုပ်ရေးယန္တရားရဲ့အကျိုးစီးပွားအတွက် ဖိအားပေးအသုံးချနေခြင်းကိစ္စရပ်တွေအပေါ် ကျောင်းသားထုနဲ့အတူ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမှာဗိုလ်နဂါးတပ်ဖွဲ့ကိုဆန္ဒပြမှုနဲ့ပတ်သက်ပြီး ပသုံးလုံးအဖွဲ့တွေအနေနဲ့ ပါဝင်ပတ်သက်ခြင်းရှိ၊မရှိဆိုတာကိုတော့ ပုလဲပအဖကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဗိုလ်နဂါးနဲ့ NUGအောက်ကတပ်ဖွဲ့တွေဖြစ်ပွားတဲ့ ပဋိပက္ခတွေကိုအခြေခံပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAကလည်း ဇန်နဝါရီ ၂၂ရက် မနက်ပိုင်းမှာ သဘောထားထုတ်ပြန်ထားပါသေးတယ်။ အဲ့ဒီထဲမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကြားက ပဋိပက္ခတွေဟာ စစ်အုပ်စုကလွဲပြီး ဘယ်သူ့အကျိုးစီးပွားကိုမှဖြစ်ထွန်းစေမှာမဟုတ်တာကြောင့် ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှူပြီး မိတ်ဖက်ပဋိပက္ခတွေကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ အဖြေရှာသင့်တယ်လို့တိုက်တွန်းထားပါတယ်။




Comments