ဗိုလ်နဂါးနဲ့ပတ်သက်တဲ့ ဘုန်းကြီးကို ပုလဲပကဖ ဖမ်းဆီးထား
- BVJ

- Feb 23
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

ဗိုလ်နဂါးနဲ့ပတ်သက်မှုရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် သီတင်းကံကြီးရွာ ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို NUGလက်အောက်ခံပုလဲပသုံးလုံးအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဘုန်းကြီးကို ဗိုလ်နဂါးစစ်အုပ်စုဆီအလင်းဝင်သွားတဲ့ရက် ဖေဖော်ဝါရီ ၁၈ရက်ညမှာပဲဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဘုန်းကြီးကိုပြန်လွှတ်ပေးဖို့အတွက် ဒေသတွင်းဒကာ၊ဒကာမတွေက ပုလဲပကဖဆီစာပို့တောင်းဆိုထားတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“အဲ့ဒီဘုန်းကြီးက နဂါးနဲ့ရင်းနှီးတဲ့အဆက်အသွယ်ရှိတာလည်းမှန်ပါတယ်။ နဂါးသွားပြီးနောက် ဒေသတွင်းအခြေအနေတွေပိုဆိုးမလာအောင် ပကဖက ဘုန်းကြီးကိုထိန်းသိမ်းစစ်ဆေးနေတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဒီဘုန်းကြီးကိုဒေသတွင်းကိုးကွယ်နေကြတဲ့ ဒကာ၊ဒကာမတွေလည်းရှိတော့ ထိန်းသိမ်းထားတဲ့ပေါ်မှာစိုးရိမ်နေကြတာမျိုးပေါ့။ နဂါးအလင်းဝင်ပြီး စကစဘက်ကလေကြောင်းရော စစ်ကြောင်းရောလာတော့ တော်လှန်ရေးအဖွဲ့တွေကလည်း မဖြစ်သင့်တာမဖြစ်အောင်ပတ်သက်စပ်ဆက်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
ဦးအရိယာဝံသနဲ့အတူ ဒကာတစ်ဦးဖြစ်တဲ့ သီတင်းကံကြီးရွာသားဦးထွန်းလင်းဆိုသူကိုလည်း ပသုံးလုံးအဖွဲ့တွေကဖမ်းဆီးခဲ့ပေမယ့် ဦးထွန်းလင်းကိုနောက်တရက်မှာပြန်လွှတ်ပေးပြီး ဘုန်းကြီးကပြန်မလွတ်လာကြောင့် ဒကာ၊ဒကာမတွေက ဖေဖော်ဝါရီ ၂၁ရက်မှာ စာပေးပို့တောင်းဆိုထားတာလို့ သိရပါတယ်။
အဲ့ဒီစာဟာ ပုလဲပကဖ စစ်ရေးဒုတာဝန်ခံ ဒေါက်တာနန်းဝင်းဆီကိုလိပ်မူထားတာဖြစ်ပြီး စာထဲမှာ ဆရာတော်အပြစ်ရှိခဲ့သည့်တိုင်အောင် နောက်နောင်ဒီလိုအပြစ်မျိုးထပ်မကျူးလွန်အောင် ကျေးရွာနေဒကာ၊ဒကာမတွေက လုံးဝအာမခံပြီး နောက်အပြစ်ကျူးလွန်ခဲ့ရင် လူကြီးမင်းတို့ကြိုက်နှစ်သက်သလိုစီမံဆောင်ရွက်နိုင်ကြောင်းနဲ့ အခုကိစ္စကိုသည်းခံခွင့်လွှတ်ပေးပါဆိုပြီး ဒကာ၊ဒကာမတွေက အသနားခံတောင်းပန်ကြောင်း ရေးထားပါတယ်။
ဆရာတော် ဦးအရိယာဝံသနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကတော့ ဖမ်းဆီးထိန်းသိမ်းထားတာမှန်ကန်ကြောင်း Burma VJကိုအတည်ပြုပါတယ်။
“ဟုတ်ပါတယ်အဓိကကတော့ နဂါးကိုကယ်ထုတ်သွားတယ်လို့ သတင်းရလို့ပါတဲ့။ အဲ့ဆရာတော်က နဂါးနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ ပစ္စည်းတွေ လက်နက်တွေ သူ့ဆီမှာအပ်ထားတယ်လို့လည်း သတင်းရလို့ခဏထိန်းထားတာပါ”
ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းကတော့ ဗိုလ်နဂါးတပ်BNRAက ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ သခင်ဒေါင်းညိုနဲ့သုဘရာဇာတို့နှစ်ဦးကို ကောင်းကောင်းမွန်မွန်ဖမ်းဆီးထိန်းသိမ်းထားကြောင်းကို အခုလ ဖေဖော်ဝါရီ ၂၀ရက်မှာ ထုတ်ပြခဲ့ပါတယ်။




Comments