စစ်အုပ်စုကိုတိုက်ခိုက်ဖို့သွားရင်း မိုင်းနင်းမိပြီး BNRAကရဲဘော် ကျဆုံး
- BVJ

- Sep 16
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်စွဲထားတဲ့ကျေးရွာနားကိုချဉ်းကပ်ချိန်မှာ ရန်သူထောင်ထားတဲ့မိုင်းနင်းမိပြီး ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်-BNRAက ရဲဘော်တစ်ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
ကျဆုံးသွားသူဟာ အသက် ၃၅နှစ်အရွယ် ရဲဘော်ဗျတ္တဖြစ်ပြီး အခုလ ၁၃ရက်မှာကျဆုံးခဲ့တာဖြစ်ပါတယ်။
“စစ်ကော်မရှင်တပ်သားတွေနေရာယူထားတဲ့ ကျေးရွာနားကိုချဥ်းကပ်ရင်း အကြမ်းဖက်စစ်တပ် ထောင်ထားတဲ့မိုင်းကိုနင်းမိပြီး ရဲဘော်ဗျတ္တကျဆုံးခဲ့တာ။ ဖြစ်တဲ့နေရာနဲ့ ရန်သူ့စစ်ကြောင်းက သိပ်မဝေးတာကြောင့် ရုပ်အလောင်းပြန်ယူတဲ့အချိန်မှာအခက်အခဲတွေရှိတယ်”လို့ ဒေသခံရဲဘော်တစ်ဦးက BurmaVJ ကိုပြောပါတယ်။
မိုင်းနင်းမိပြီးကျဆုံးသွားတဲ့နေရာဟာ စစ်အုပ်စုတပ်စွဲထားတဲ့နေရာနဲ့နီးကပ်နေတဲ့အတွက် ရုပ်အလောင်းကိုလည်း ခက်ခက်ခဲခဲပြန်သယ်ယူခဲ့ရကြောင်းနဲ့ အဲ့ဒီနေ့ညနေမှာပဲ မီးသင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုလဲ-ကန်ဒေါင့်လမ်းပိုင်းတလျောက်မှာနေရာယူထားတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ ဆယ်ရက်ခန့်က မိုင်းခင်းဖြတ်တောက်ရေးတွေလုပ်ထားတာရှိတာကြောင့်လည်း အခုပေါက်ကွဲမှုဖြစ်သွားခဲ့တဲ့မိုင်းက ဘယ်ဘက်ကမိုင်းလဲဆိုတာ သေချာအောင်စိစစ်နေတယ်လို့ BNRAက သိရပါတယ်။
စစ်အုပ်စုဟာ အခုလအစပိုင်းထဲက ကနီနဲ့ယင်းမာပင်နယ်ကိုစစ်ကြောင်းထိုးဝင်ရောက် နေအိမ်မီးရှို့၊ လက်နက်ကြီးပစ်တာတွေကိုလုပ်ဆောင်နေပြီး အခုလ ၁၁ရက်နေ့မှာလည်း ကနီမြို့နယ် ၊ ချောင်းမကျေးရွာကို အင်အား ၁၀၀ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို BNRAအပါအဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပကဖတွေပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ကျဆုံးသူတွေရှိခဲ့ပြီး သုံ့ပန်းလေးဦးနဲ့လက်နက်တွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ရရှိခဲ့သလို တိုက်ပွဲအတွင်းစစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ULFစစ်ကြောင်းမှူးနဲ့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒုတာဝန်ခံဖြစ်တဲ့ ရဲဘော်နိုင်မင်းလည်း ကျဆုံးခဲ့ရပါတယ်။







Comments