NUGလုပ်ဆောင်ချက်တွေမှာထင်ရှားတဲ့အရွေ့မတွေ့ရဘူးလို့ မြန်မ့ာငြိမ်းချမ်းရေးလေ့လာစောင့်ကြည့် အဖွဲ့ပြော
- BVJ

- Aug 26
- 1 min read
မိုနာ/BVJ_သြဂုတ် ၂၆၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ လုပ်ဆောင်နေမှုတွေထဲမှာ ထင်ရှားတဲ့အရွေ့ကိုမတွေ့ရဘူးလို့ မြန်မ့ာငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်အဖွဲ့(BNI-MPM) တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ သြဂုတ်လ ၂၆ရက်မှာ BNI-Myanmar Peace Monitorကပြုလုပ်တဲ့ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း ရည်ညွန်းအကိုးအကား(၂၀၂၄-၂၀၂၅) စာအုပ်မိတ်ဆက်ခြင်း” အစီအစဉ်မှာ NUGပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး Burma VJကမေးမြန်းမှုကို ပြန်ဖြေခဲ့တာပါ။
“NUGနဲ့ပတ်သက်ရင် ပြည်သူလူထုထောက်ခံအားကတော့ ဆက်ရှိနေဆဲပဲ။ ပြောရမယ်ဆိုရင် ပြည်သူလူထုတွေအားလုံးက NUGကိုမဆန့်ကျင်နေသေးဘူး ဆက်ပြီးတော့ထောက်ခံနေတယ်။ သို့သော်မေးခွန်းတွေစထုတ်လာတဲ့ အနေအထားတွေဖြစ်နေပြီ။ NUGအပေါ်ကိုပုံစံမျိုးစုံနဲ့ သုံးသပ်လာတယ်။ ထောက်ပြလာတယ် ဖြစ်သင့်တာတွေကိုပြောလာတွေရှိတယ်။ သို့သော်လည်းပဲ NUGကဘာလုပ်နေသလဲဆိုတဲ့ဟာမှာ သိသာထင်ရှားတဲ့အရွေ့ကို ကျမတို့စောင့်ကြည့်ရသလောက်ကတော့မတွေ့ ရဘူး။ NUGအတွင်းပိုင်းမှာလည်း မကြာခင်မှာပဲထူးခြားတဲ့အပြောင်းအလဲလေးနဲ့အတူ NUGကချပြလာမယ်ဆိုတဲ့ပုံစံမျိုး ဆွေးနွေးမှုမျိုးလေးတွေကိုလည်း တွေ့နေရတယ်။ လောလောဆယ် အခြေအနေထိကတော့ NUGဘာလုပ်မှာလဲ၊ ဘာတွေလုပ်ဖို့ပြင်ဆင်နေသလဲ ဘယ်လိုပုံစံပြောင်းလဲမှုတွေနဲ့ ဖြစ်နေမှာလဲဆိုတာကို ကျမတို့မတွေ့ရသေးဘူး။ မသိရသေးဘူး”လို့ NUG ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထုတ်ပြန်မှုတွေရှိလာတာနဲ့ပတ်သက်ပြီး BNIရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောပါတယ်။
ဒါ့အပြင် BNI-MPMတာဝန်ခံ ကိုနှင်းကိုဦးကလည်း “NUGနဲ့ပတ်သက်ပြီး ပသုံးလုံးကိစ္စ၊ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ နောက်ပြီးဒေသPDFတပ်ရင်းတွေ ဒီလိုအစုအဖွဲ့တွေနဲ့ပတ်သက်ပြီး ပြုပြုင်ပြောင်းလဲမှုတွေကမဖြစ်မနေလုပ်ရမယ့် အနေအထားမျိုးတွေဖြစ်တယ်။ ဒီအဖွဲ့အစည်းတွေက ဒေသအလိုက်လူထုထောက်ခံမှု ရတဲ့အဖွဲ့အစည်းတွေရှိသလို လူထုရဲ့ဆန့်ကျင်မှု၊ လူထုကန့်ကွက်မှု၊လူထုလက်မခံတဲ့အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါတွေကိုစနစ်တကျအရေးယူဆောင်ရွက်ဖို့က NUGအနေနဲ့တစုံလုံးပြုပြင်ပြောင်းလဲရေးထက် အရင်ဆုံးဦးစားပေးလုပ်ရမယ့်လုပ်ငန်းစဉ်ဖြစ်နေတာကို ကျနော်တို့တွေ့ရှိရတယ်”လို့ ပြောပါတယ်။
Myanmar Peace Monitorရဲ့မှတ်တမ်းသုံးသပ်ချက်အရ အခုနှစ်အတွင်း စောင့်ကြည့်ရမယ့်ဇာတ်ကောင် ၁၁ ခုရှိပြီး အဲ့ဒီထဲမှာ အာဏာသိမ်းစစ်အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ၇ဖွဲ့(7 EAOs)၊ FPNCC၊ CRPH၊ INUG၊ NUCC၊ KSCC၊ TLC၊ KPICT၊ MSFCနဲ့ ချင်းပြည်နယ်အတွက် ICNCC၊ CC၊ CBတို့ပါဝင်ပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCBကလည်း မနေ့က သြဂုတ် ၂၅ရက်မှာ နိုင်ငံရေးသဘောထား ထုတ်ပြန်ကြေညာချက်ကိုဖော်ပြလာပြီး အဲ့ဒီထဲမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCနဲ့ NUGတို့ ပိုမိုအလုပ်ဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ နိုင်ငံရေးခေါင်းဆောင်မှုအားကောင်းတဲ့ ကောင်စီနဲ့အစိုးရတရပ်အဖြစ် အမြန်ဆုံးပြောင်းလဲပြင်ဆင်ဖို့ဆိုတဲ့အချက်အပါအဝင် လေးချက်ကိုတိုက်တွန်းထားပါတယ်။
“အလုပ်ဖြစ်မနေဘူးဆိုတာထက် ပိုအလုပ်ဖြစ်စေချင်တဲ့သဘောဖြစ်ပါတယ်။ ပြောချင်တာကတော့ လက်ရှိတော်လှန်ရေးငါးနှစ်အတွင်းမှာ တပ်ဦးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြေပြင်လူထုရဲ့အသံတွေ၊ မြေပြင်လူထုရဲ့အခြေအတွေကို လက်တွေ့ကျကျထင်ဟပ်ပြီးတော့ ပုံဖော်ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်အသွင်သဏ္ဍာန်ကိုအမြန်ဆုံးဖြစ်စေချင်တာပါ။ ပုံမှန် formal governmentကြီးမဟုတ်ဘဲနဲ့ တကယ့်ကိုတော်လှန်အစုအရပ်အသွင်သဏ္ဍာန်တရပ်အနေနဲ့ လူထုတရပ်လုံးကမြင်ချင်တဲ့အစိုးရတရပ် အသွင်သဏ္ဍာန်ကို အမြန်ဆုံးပြောင်းလဲပြင်ဆင် ဖွဲ့စည်းစေချင်တဲ့ သဘောဆန္ဒဖြစ်ပါတယ်။ ဒါမှသာလျင် တော်လှန်ရေးအတွက် ပိုကောင်းမယ့် ပိုဦးဆောင်နိုင်မယ့် ပိုဆောင်ရွက်နိုင်မယ့်အခင်းအကျင်းတရပ်ကို ရောက်မယ်လို့ ကျနော်တို့ယုံကြည်တဲ့အတွက် အမြန်ဆုံးပြင်ဆင်ပြောင်းလဲဖွဲ့စည်းရေးကို အဓိကတိုက်တွန်းထားတာဖြစ်ပါတယ်”လို့ GSCBကအတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုလွမ်းသူက Burma VJကိုပြောပါတယ်။
အခုလပိုင်းအတွင်းမှာ NUGကိုပြုပြင်ပြောင်းလဲရေးဆိုတဲ့ဝေဖန်တိုက်တွန်းသံတွေ ဆက်တိုက်ထွက်ပေါ်လာတာဖြစ်ပြီး NUGတာဝန်ရှိသူတွေကတော့ စွမ်းဆောင်ရည်ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် NUGရဲ့ထူးခြားတဲ့အပြောင်းအလဲတွေကို ဒီနှစ်မကုန်ခင်မှာမြင်တွေ့ရတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောထားကြပါတယ်။







Comments