မောင်တောက အမျိုးသမီးသတင်းထောက်တစ်ဦးကို AAဖမ်းဆီးထား
- BVJ

- Sep 23
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၃၊ ၂၀၂၅

ပုံစာ- ဖမ်းဆီးစစ်ဆေးခံနေရတဲ့ BNAသတင်းထောက်မုဒြာ
ရခိုင်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Border News Agency(BNA)သတင်းဌာနက အမျိုးသမီး သတင်းထောက် မုဒြာဆိုသူကို အာရက္ခတပ်တော်-AAကဖမ်းဆီးထားတယ်လို့ BNAကသိရပါတယ်။
မုဒြာဟာ မောင်တောအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၂၀ရကမနက်ပိုင်းမှာနေအိမ်ကနေ AAစစ်ထောက်လှမ်းရေးတွေက လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး AA ထောက်လှမ်းရေးရုံးမှာစစ်ဆေးနေတယ်လို့လည်း BNA ကထုတ်ပြန်ထားပါတယ်။
သတင်းထောက်မုဒြာကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးပေမယ့် အခုလို သတင်းသမားတွေကိုဖမ်းဆီးတာဟာ တခြားသတင်းသမားတွေအတွက်လည်း စိုးရိမ်စရာဖြစ်တယ်လို့ ရခိုင်သတင်းသမားတစ်ဦးကပြောပါတယ်။
“သူ့ကို ဖမ်းတာလား ခဏခေါ်စစ်တာလားတော့မသိဘူးပေါ့နော်။ ဒါပေမယ့်အခုလို သတင်းသမားတွေဖမ်းတာကြားရင် ကျနော်တို့လည်းအဖမ်းခံရမလားဆိုပြီးစိုးရိမ်နေရတယ်” လို့ပြောပါတယ်။
BNAသတင်းထောက်မုဒြာကိုဖမ်းဆီးသွားတာဟာ နားလည်မှုလွဲမှားမှုတခုခုကြောင့်ဆိုရင်လည်း သက်ဆိုင်ရာ AAတာဝန်ရှိသူတွေအနေနဲ့ အပြုသဘောဆောင်သဘောထားကြီးစွာနားလည်ပေးလိမ့်မယ်လို့မျှော်လင့်ကြောင်းလည်း BNAထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မုဒြာအဖမ်းခံရတဲ့အပေါ် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတာကြောင့် လာရောက်ခေါ် ဆောင်သွားသူတွေအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း BNAကတောင်းဆိုထားပါတယ်။
သတင်းထောက်မုဒြာကိုဖမ်းဆီးထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး AAဘက်ကတော့ တုန့်ပြန်ပြောဆိုထားတာမျိုးမတွေ့ရသေးပါဘူး။







Comments