ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တစ်ဦး သေနတ်ယူပြီးစစ်အုပ်စုဆီပူးပေါင်းသွား
- BVJ

- Mar 25
- 1 min read
မိုနာ/BVJ_မတ် ၂၅၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့ဇာတိကရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော် ဖြူဖွေး(ခ)ကောင်းခန့်ဟာ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေချိန် မနေ့က မတ်လ ၂၄ရက်နေ့လယ်ပိုင်းမှာ စစ်အုပ်စုဘက်ကိုပူးပေါင်းသွားတယ်လို့ သိရပါတယ်။
ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့်ဟာ MA(1) တစ်လက်၊ ကျည်(၃)ဘောက်တို့ကိုယူဆောင်ပြီး ပခုက္ကူမြို့နယ်က ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်အုပ်စုဆီအလင်းဝင်သွားတာဖြစ်ပါတယ်။
PDFကိုသစ္စာဖောက်ဖျက်သွားတဲ့ ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့်ဟာ အညာမြေတပ်ပေါင်းစုဆီမှာ တာဝန်ထမ်းဆောင်ဖူးခြင်းမရှိကြောင်းနဲ့ သက်ဆိုင်မှုမရှိကြောင်းကိုလည်း အညာမြေတပ်ပေါင်းစုက ဒီနေ့မနက်မှာအသိပေးထုတ်ပြန်ထားပါတယ်။
“အညာမြေတပ်ပေါင်းစု (၇)ဖွဲမှ ရဲဘော်လည်း ဘယ်တုန်းကမျှ မဟုတ်ခဲ့ပါ။ စစ်ပွဲများ၏ သဘာ၀အရ၊မဟာမိတ်တို့၏ သဘောသဘာ၀အရ အတူတကွပွဲကခြင်း၊ အတူတကွ စစ်ရေးဖော်ဆောင်းခြင်းများသာ လက်တွဲလုပ်ဆောင်ဖူးခြင်းမှတပါး မည်သို့သောပတ်သက်ခြင်းများမှ မရှိခဲ့ပါ”လို့ အညာမြေတပ်ပေါင်းစုထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့်ဟာ အာဏာသိမ်းကာလအစထဲက တော်လှန်ရေးထဲဝင်ရောက်လာတဲ့ရဲဘော်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ Black Godလိုကယ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာကနေ စစ်အုပ်စုနဲ့ပူးပေါင်းသွားတာလို့သိရပါတယ်။
ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့် စစ်အုပ်စုနဲ့ပူးပေါင်းသွားတာကြောင့် နီးစပ်ရာပြည်သူတွေသတိထားကြဖို့ဆိုပြီး Black Godတပ်ဖွဲ့ကလည်း ဒီနေ့မနက်မှာသတိပေးထားပါတယ်။
အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က”ဒီဘလက်ဂေါ့နဲ့ အညာမြေတပ်ပေါင်းစုနဲ့ကလည်း လက်မှတ်တွေရေးထိုးပြီးတော့စစ်ရေးတွေအတူတူဖော်ဆောင်တဲ့အဖွဲ့ မဟုတ်ဘူးပေါ့နော်။ သို့သော်စစ်ရေးတွေရဲ့သဘာဝအရ ပွဲတွေရှိရင်တော့အတူတူပေ့ါနော် တိုက်ခဲ့ကြတယ်ပေါ့။ အဲ့တာမှာသူကမနေ့က ေ-ွးထဲကိုဝင်သွားတဲ့အခါမှာတော်တော်များများက အညာမြေတပ်ပေါင်းစုကရဲဘော်လို့ထင်ပြီး ပြောဆိုတာတွေရှိလို့မို့ ရှင်းလင်းထုတ်ပြန်ရတာပါ”လို့ Burma VJကိုပြောပါတယ်။
ပြည်သူတွေရဲ့စိုးရိမ်မှုနဲ့ ယုံမှားသံသယတွေကင်းရှင်းစေဖို့ ရှင်းလင်းထုတ်ပြန်တာဖြစ်တယ်လို့လည်း အညာမြေတပ်ပေါင်းစုထုတ်ပြန်ချက်မှာဖော်ပြပါတယ်။




Comments