မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ်တစ်ရာကျော် ဖမ်းဆီးခံရ
- Zayar Oo
- Nov 19, 2024
- 1 min read
Updated: Dec 17, 2024
BVJ/မိုနာ_ ဒီဇင်ဘာ ၁၇ ၊ ၂၀၂၄

စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ်(၁၂၅)ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက မနေ့က ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူ လူငယ်တွေဟာ အောင်မြေသာဇံမြို့နယ်က (၂၁)ဦး၊ ချမ်းအေးသာဇံမြို့နယ်က (၇)ဦး၊ မဟာအောင်မြေမြို့နယ်က (၅)ဦး၊ ချမ်းမြသာစည်မြို့နယ်က (၅) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က (၃၆)ဦး၊ အမရပူရမြို့နယ်က (၁၇)ဦးနဲ့ ပုသိမ်ကြီးမြို့နယ်က (၃၄) ဦးပါဝင်တယ်လို့ သိရပါတယ်။
ဒီဖမ်းဆီးခံရတဲ့လူငယ်တွေဟာ အခုလ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဖြစ်ပြီး ဖမ်းဆီးရာမှာလည်း နေ့ညအချိန်မရွေးသလို ညအချိန်မတော်မှာ ဧည့်စာရင်းကိုအကြောင်းပြဖမ်းဆီးမှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောထားပါတယ်။
ဒါကြောင့် မန္တလေးက လူငယ်တွေအနေနဲ့ အချိန်မတော် အိမ်ပြင်မထွက်ဖို့၊ မလိုအပ်ဘဲ ခရီးမသွားဖို့၊ ပျော်ပွဲရွှင်ပွဲတွေ သွားလာတာကိုတတ်နိုင်သမျှရှောင်ဖို့၊ စစ်အုပ်စုအခြေအနေကိုကြည့်ပြီး ကြိုတင်ရှောင်ရှားဖို့၊ နေထိုင်ရာပတ်ဝန်းကျင်မှာ မတရားဖမ်းဆီးခံရသူတွေရှိရင်လည်း သတင်းပေးပို့ကြဖို့ မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။
အခုဖမ်းခံရတဲ့လူငယ်တွေအချက်အလက်ဟာလည်း လက်လှမ်းမီရာသတင်းမီဒီယာတွေကို အခြေခံ အချက်အလက်ပြုစုထားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း မန္တလေးသပိတ်အင်အားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းအပါအဝင် နေရာအများစုက လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်မှုတွေကို အခုနှစ်ကုန်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။




Comments