ဗန်းမော်၊ကောင်းတုန်ကျေးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ရွာတဝက်လောက် မီးလောင်ပျက်စီး

နီသွင်/BVJ_ စက်တင်ဘာ ၁၃၊ ၂၀၂၆
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကနေ မန္တလေးဘက်ကိုပြန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေကို KIAနဲ့ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်အုပ်စုကဗန်းမော်မြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာပါတယ်။
စက်တင်ဘာ ၁၃ ရက်မနက်ပိုင်းမှာဆိုရင် ဗန်းမော်မြို့နယ်ပတ်ဝန်းကျင် ဧရာဝတီမြစ်ကမ်းတလျှောက်ကနေရာတွေကိုဗုံးကြဲခဲ့သလို ကောင်းတုန်ရွာကိုလည်းပစ်မှတ်ထားဗုံးကြဲခဲ့ပါတယ်။
အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကောင်းတုန်ရွာကနေအိမ်တွေမီးလောင်သွားပြီး ရွာတဝက်လောက်ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေကူ၊ စင်းခန်း၊ ဗန်းမော်နဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ စစ်အုပ်စုဘက်က လေကြောင်းနဲ့အနည်းဆုံး ၁၅ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ကောင်းတုန်ရွာဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာတည်ရှိပြီး သမိုင်းဝင် တရုတ်-မြန်မာ ကောင်းတုန်စာချုပ်ချုပ်ဆိုခဲ့တဲ့နေရာအဖြစ် လူသိများပါတယ်။
KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ဩဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာလဆန်းပိုင်းအထိ ဗန်းမော်ဘက်ကို ရိက္ခာနဲ့ ကုန်ပစ္စည်းတွေပို့ဖို့တက်လာပြီးမှ ပြန်ဆင်းလာတဲ့စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေကို ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာကို အွန်လိုင်းပေါ်ကဗီဒီယိုတွေမှာလည်းတွေ့ကြရပါတယ်။
ခရက်ဒစ် - Melan Lamechane




Comments