ပိုင်ရပ်ရွာ စာသင်အိမ်ဗုံးကြဲခံရမှုအတွင်း စစ်ကောင်စီက ကလပ်စတာဗုံးအသုံးပြုခဲ့

BVJ/ဇော်_ဇွန် ၁၁ ၊ ၂၀၂၅

မွန်ပြည်နယ် ကျိုက်မရောမြို့နဲ့ ကရင်ပြည်နယ်အစပ် ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင်းက ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာကို အခုလ ၉ ရက်နေ့ နေ့လယ် ၁း၄၅အချိန်မှာ စစ်ကောင်စီတပ်က cluster ဗုံးသီး အမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၃)ဦးအပါအဝင် (၅)ဦးသေဆုံးခဲ့ပါတယ်။
ပိုင်ရပ်ကျေးရွာရှိ ကျောင်းသားကလေးတွေစာသင်နေတဲ့အိမ်ကို စစ်ကောင်စီတပ် လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အသက် ၆ နှစ်ကနေ ၈ နှစ်အရွယ်ရှိ Grade 1နဲ့ Grade 2 ကျောင်းသား (၃)ဦး၊ အသက် ၄၀ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ဒူးပလာယာခရိုင်) က မနေ့က ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပိုင်ရပ်ရွာအတွင်းနေအိမ်တွေမှာ စာသင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူ (၁၈)ဦးအပါအဝင် (၂၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကလပ်စတာဗုံးနဲ့ကြဲချတိုက်ခိုက်ခံရတာနဲ့ ကျောင်းသားကလေးငယ်တွေသေဆုံးမှုကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)ကလည်း Burma VJကိုအတည်ပြုထားပြီး ဒဏ်ရာရှိထားတဲ့ ကျောင်းသားတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တယ်လို့ သိရပါတယ်။
“မိဘတွေအနေနဲ့ တော်တော်စိတ်ထိခိုက်နေကြပါတယ်။ ဘာမေးမြန်းမှုမှ လုပ်လို့မရသေးပါဘူး”လို့ ဒေသခံအရင်းအမြစ်တစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့- MDSIကလည်း ဗုံးကြဲခံရတဲ့ ဧရိယာတဝိုက်က ကျန်ရစ်ခဲ့တဲ့ ဗုံးခွံအစိတ်အပိုင်းတွေအရ ပိုင်ရပ်ရွာကိုကြဲခဲ့တဲ့ဗုံးဟာ စစ်ကောင်စီ ကပစ-၂၁က ထုတ်လုပ်တဲ့ MAB 26 C 6 Cluster Bomb အမျိုးအစားဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။
ကလပ်စတာဗုံးဟာ ပထမအဆင့် တလုံးကွဲပြီးနောက်မှာ ဗုံးအငယ်စားတွေကို နေရာအကျယ်ကြီးပေါ် ထပ်ပြီးကြဲချပစ်လိုက်တဲ့ဗုံးအမျိုးအစားဖြစ်သလို အရပ်သားပြည်သူတွေကို အလွန်အန္တရာယ်ပေးနိုင်တဲ့ ဗုံးအမျိုးအစားဖြစ်တာကြောင့် နိုင်ငံတကာမှာဒီဗုံးအမျိုးအစားအသုံးပြုခွင့်ကို ပိတ်ပင်ကန့်သတ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကတော့ အရပ်သားပြည်သူနေရာတွေကို ဦးတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ နိုင်ငံတကာကပိတ်ပင်ကန့်သတ်ထားတဲ့ကလပ်စတာဗုံးတွေကို ပိုမိုအသုံးပြုလာတာကို တွေ့ရတယ်လို့ MDSIကပြောထားပါတယ်။




Comments