ရွှေကုက္ကိုမြို့သစ်စီးနင်းမှု သုံးရက်အတွင်း ၂၂နိုင်ငံကနိုင်ငံခြားသား ကိုးရာကျော်ဖမ်းမိ
- BVJ

- 5 days ago
- 1 min read
◼️အများစုက တရုတ်နိုင်ငံသားတွေဖြစ်နေ
အေတီ/BVJ_နိုဝင်ဘာ ၂၁၊ ၂၀၂၅

အခုလ နိုဝင်ဘာ ၁၈ရက်နေ့ကစတင်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်ကျားဖြန့်စင်တာတွေစီးနင်းမှုမှာ ၂၀ရက်နေ့အထိကို သုံးရက်အတွင်းမှာ နိုင်ငံ၂၂နိုင်ငံကနိုင်ငံခြားသား စုစုပေါင်းကိုးရာကျော်ဖမ်းမိခဲ့ပြီး အများစုကတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ BGFတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ထိုင်းနိုင်ငံအခြစိုက် The Reporters သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ်။
“ရှင်းလင်းတော့မယ်လို့ ကျွန်တော်တို့ပြောပြီးတဲ့အချိန် ၁၇ရက်နေ့ညမှာ အတော်များများထွက်ပြေးတိမ်းရှောင်ကြတယ်။ ၁၈ရက်နေ့ မှာ ၃၄၆ဦး၊ ၁၉ရက်နေ့မှာ ၂၆၄ဦး၊ ၂၀ရက်နေ့မှာ နေရာငါးနေရာက ၃၅၀ကျော်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း၂၂နိုင်ငံက စုစုပေါင်းကိုးရာကျော်။ အဲ့ဒီထဲမှာ တရုတ်နိုင်ငံသားတွေကအများဆုံးပဲ”
အာဏာသိမ်းစစ်တပ်နဲ့ BGFတပ်ဖွဲ့တို့ပူးပေါင်းတဲ့ ရွှေကုက္ကိုမြို့သစ်စီးနင်းမှုမှာ သုံးရက်အတွင်း အဆောက်အဦး ၂၂လုံးကိုဝင်ရောက်စီးနင်းခဲ့ပြီး အဲ့ဒီကနေ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်း နှစ်ထောင့်ခြောက်ရာငါးဆယ့်သုံးလုံး၊ မိုဘိုင်းဟမ်းဆက် နှစ်သောင်းကျော်တို့ကို သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့်နဲ့ပတ်သက်တဲ့နေရာတွေရှင်းလင်းမှုကို အရင်ကBGFတပ်ဖွဲ့ကပဲ ဦးဆောင်လုပ်ခဲ့ပေမယ့် အခုရွှေကုက္ကိုလ်မြို့သစ်စီးနင်းမှုကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးတာလို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းပိုင်ရှင်တရုတ်သူဌေးတွေကို နေရာရွှေ့ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်ကလည်း မဟုတ်မမှန်စွပ်စွဲချက်ဖြစ်ကြောင်း BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ထားပါသေးတယ်။
ရွှေကုက္ကိုမြို့သစ်တည်ထောင်သူ ကျားဖြန့်အင်ပါယာကိုဦးဆောင်ခဲ့တဲ့ ရှီကျစ်ကျန်းကို ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုလွှဲပြောင်းပေးပြီးရက်ပိုင်းအကြာ အမေရိကန်အစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(Scam Center Strike Force) ဖွဲ့စည်းပြီးရက်ပိုင်းအကြာမှာ ရွှေကုက္ကိုမြို့သစ် စီးနင်းမှုဖြစ်လာခဲ့တာပါ။







Comments