BGF ခေါင်းဆောင် စောချစ်သူနဲ့ သား ၂ ယောက်ကို အမေရိကန်ပိတ်ဆို့အရေးယူ
- BVJ
- May 6
- 1 min read
BVJ/အိုင်းရစ် _ မေ ၆ ၊ ၂၀၂၅

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော်/ကရင်နယ်ခြားစောင့်တပ် (KNA/BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ် (OFAC) က ဒဏ်ခတ် ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခဲ့ကြောင်း မနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KNA/BGF ခေါင်းဆောင် စောချစ်သူနဲ့ သား ၂ ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို အမေရိကန်အစိုးရက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု စတဲ့ စွဲချက်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BGF ခေါင်းဆောင်အပါအဝင် ၃ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် BGF ထိန်းချုပ်နယ်မြေအတွင်းကနေတဆင့် အမေရိကန်နိုင်ငံသားတွေပစ်မှတ်ထားပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ဆောင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒေါ်လာဘီလျံချီ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် BGF အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ OFAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ အောက်တိုဘာလကုန်ပိုင်းကလည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မုတ်သုံ၊ ဗိုလ်တင်ဝင်းနဲ့ စောချစ်သူပိုင် စီးပွားရေးလုပ်ငန်းတစ်ခုတွေထဲက တစ်ခုဖြစ်တဲ့ ချစ်လင်းမြိုင်အုပ်စု (CLM) ကိုလည်း ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ယူကေတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ထားပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရေးဆောင်ရွက်နေချိန် မြန်မာနယ်စပ်က ဒေသ ၅ ခုကို ထိုင်းအစိုးရက လောင်စာဆီ၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ဖြတ်တောက်ထားပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။
Comentários