ထရမ့်ကိုလျော်ကြေးမပေးနိုင်ဘူးလို့ ဘီဘီစီကပြော
- BVJ

- Nov 17
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၁၅၊ ၂၀၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဘီဘီစီကိုလျော်ကြေး အမေရိကန်ဒေါ်လာ တစ်ဘီလျံ တောင်းဆိုထားပါတယ်။ အမေရိကန်ဒေါ်လာတစ်ဘီလျံ လျော်ကြေးပေးဖို့တောင်းဆိုထားတဲ့ ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် ဘီဘီစီကဒေါ်နယ်ထရမ့်ကို လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။
ထရမ့်ရဲ့မိန့်ခွန်းကိုလိုသလိုတည်းဖြတ်ပြီးနောက် ၂၀၂၄ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ ပန်နိုရားမားအစီအစဥ်မှာဖော်ပြမိခဲ့တဲ့အတွက် ဘီဘီစီဥက္ကဌဆာမီရယ်ရှားကိုယ်တိုင် အိမ်ဖြူတော်ကိုတောင်းပန်စာတစ်စောင်ပို့ထားတာပါ။
ဒါပေမယ့် ဒေါ်နယ်ထရမ့်တောင်းဆိုထားတဲ့လျော်ကြေးကိုပေးဖို့တော့ ဘီဘီစီမှာ အစီအစဥ်မရှိဘူးလို့သိရပါတယ်။ သောကြောနေ့ နောက်ဆုံး အကြောင်းပြန်ခိုင်းထားတဲ့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဘက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဘီဘီစီကစောင့်ဆိုင်းနေပါတယ်။
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်စီးနင်းခံရမှုမှာ ဒေါ်နယ်ထရမ့်ကထောက်ခံအားပေးသလိုမျိုး ပုံစံ ဖြစ်သွားအောင်တည်းဖြတ်ဖော်ပြမိခဲ့တဲ့အတွက် ဘီဘီစီကိုတရားစွဲမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေပါတယ်။
တင်ထားတဲ့ဗီဒီယိုကိုပြန်ဖြုတ်ပေးဖို့နဲ့ သောကြာနေ့နောက်ဆုံးထားပြီး လျော်ကြေးပေးဖို့ ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေတွေက တောင်းဆိုထားပါတယ်။
ဒေါ် နယ်ထရမ့်ရဲ့မိန့်ခွန်းတည်းဖြတ်ဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ဘီဘီစီညွန်ကြား ရေးမှုးချုပ် တင်ဒေးဗီးနဲ့အတူ သတင်းဌာနအကြီးအကဲ ဒက်ဘိုရာတာနက်စ်တို့ဟာ ရာထူးကနေ တနင်္ဂနွေနေ့ကနှုတ်ထွက်သွားရပါတယ်။
ဘီဘီစီက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို တောင်းပန်တဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့လုပ်ရပ်လို့ ယူကေယဉ်ကျေးမှုဝန်ကြီး လီဆာနန်ဒီကလည်း ပြောပါတယ်။
ဓာတ်ပုံခရက်ဒစ်- ဘီဘီစီ







Comments