တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စစ်အုပ်စုပြန်သိမ်းယူသွား
- BVJ

- Feb 9
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

တော်လှန်ရေးတပ်ဖွဲ့တွေက လေးလကျော်ကြာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကို စစ်တပ်နဲ့ရှမ်းနီပြည်သူ့စစ်-SNAတပ်တွေက မနေ့က ဖေဖော်ဝါရီ၈ရက်မှာ အလုံးစုံပြန်ထိန်းချုပ်သွားပြီလို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့NUGရဲ့PDFတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် ၂၀၂၅၊ စက်တင်ဘာ ၂၀ရက်မှာသိမ်းပိုက်ခဲ့တဲ့ ဗန်းမောက်မြို့၊ရပ်ကွက်လေးခုထဲက မြနန္နာ၊ လွှစင်ကုန်းနဲ့မြို့မရပ်ကွက်တို့ကိုစစ်အုပ်စုက အခုလဆန်းပိုင်းမှာပြန်ထိန်းသွားပြီးနောက် မနေ့က ဖေဖော်ဝါရီ ၈ရက်မှာတော့ ကျန်တဲ့ရပ်ကွက်ဖြစ်တဲ့ အောင်ကုန်းရပ်ကွက်ကို စစ်အုပ်စုဘက်ကပြန်သိမ်းယူသွားတာဖြစ်ပါတယ်။
“ရပ်ကွက်တခုကျန်တာမှာ ဆက်ပြီးတင်းခံတိုက်နေကြတာ၊ မနေ့ကအကုန်ပြန်ပါသွားတယ်။ တိုက်ပွဲကတော့လုံးဝပြတ်သွားတာတော့မဟုတ်သေးပါဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက Burma VJကိုပြောပါတယ်။

ဗန်းမောက်မြို့ပြန်သိမ်းယူတာနဲ့ပတ်သက်ပြီး SNAနဲ့စစ်အုပ်စုဘက်ကလည်း စစ်ဆင်ရေးလေးလကျော်ကြာမြင့်ခဲ့တယ်လို့ကြေညာထားပြီး သေနတ်တွေနဲ့အလောင်းတွေပါရခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဗန်းမောက်ကိုတော်လှန်ရေးတပ်တွေကသိမ်းယူပြီးနောက်ပိုင်းမှာ SNAဘက်ကပြန်သိမ်းယူဖို့တောက်လျောက်ကြိုးစားနေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့ပါတယ်။




Comments