တော်လှန်ရေးတပ်ဖွဲ့တွေနေရာဝင်ယူထားတဲ့ ဗန်းမောက်မြို့ နောက်ဆုံးအခြေအနေ
- BVJ

- Sep 22
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၂၂၊ ၂၀၂၅

ဗန်းမောက်မြို့သိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းနေရာဝင်ယူထားတဲ့ဓါတ်ပုံတွေကို အင်းတော်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၂ရက် မနက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
KIA+PDFပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်-SNAတပ်တွေက အခုလ ၂၀ရက် ညနေမှာမြို့တွင်းကနေ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးတပ်တွေဟာ မြို့တွင်းဝင်နေရာယူထားနိုင်ခဲ့တာပါ။

မြို့တွင်းနေရာယူထားနိုင်ပေမယ့် SNAစခန်းကုန်းတွေကိုအကုန်မသိမ်းယူနိုင်သေးတာကြောင့် မနေ့က စက်တင်ဘာ ၂၁ရက်အထိ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဗန်းမောက်ဒေသခံက Burma VJကိုပြောပါတယ်။
"ဒီနေ့ကတော့ SNAဘက်ကပြန်ထိုးလာတာမရှိသေးဘူး။ သူတို့ပြန်ဆုတ်သွားတယ်ပေါ့။ ပုံမှန်လို့ပြောလို့ရတယ်။ ဒါပေမယ့် နှစ်ဘက်ကတော့ စစ်ရေးတင်းမာတဲ့အနေအထားမျိုးရှိနေတယ်။ ပြန်ထိုးလာနိုင်တဲ့အနေ အထားရှိတာကြောင့်မို့လို့ တဖက်နဲ့တဖက်ကတော့ ကာနေရတာပေါ့" လို့ ဒီနေ့မနက်ပိုင်း အခြေအနေကိုပြောပါတယ်။
တိုက်ပွဲအတွင်းမြို့ထဲမှာပိတ်မိနေတဲ့ ပြည်သူတွေကိုတော့ မနေ့က ၂၁ရက်မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့သလို ပြည်သူအချို့ကတော့ SNAရှိတဲ့ အနောက်ဘက်ခြမ်းကိုပြေးသွားကြတယ်လို့ သိရပါတယ်။
"တိုက်ပွဲစဖြစ်တာက အရှေ့ဘက်ကဖြစ်တာမှာ သူတို့ပြေးမိပြေးရာနဲ့အနောက်ခြမ်းဘက်ရှောင်သွားတဲ့သူလည်းရှိတယ်။ တချို့ကျတော့ ကြားနေတဲ့သူတွေဆိုတော့ ဟိုဘက်ရှောင်တယ်ဆိုရင် လေယာဉ်နဲ့ဗုံးကြဲတာဘာညာကြောက်လို့ အဲ့လိုပုံစံမျိုးနဲ့အနောက်ခြမ်းဘက်ရှောင်သွားကြတဲ့သူတွေလည်းရှိတယ်။SNAဘက်က လူတွေနဲ့ Non CDMတွေလည်း အနောက်ဘက်ကိုရှောင်ကြတာမျိုးရှိတယ်။ ဒီဘက်ကိုရှောင်တဲ့သူတွေလည်း တော်တော်များပါတယ်" လို့ ဗန်းမောက်ဒေသခံက ပြောပါတယ်။

ဗန်းမောက်မြို့ကိုတော်လှန်ရေးတပ်တွေသိမ်းပြီး မြို့တွင်းဝင်နေရာယူပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ PDF အလံလွှင့်ထူအောင်ပွဲခံခဲ့တဲ့ ရုပ်သံဖိုင်ဟာလည်း မနေ့က စက်တင်ဘာ ၂၁ရက်မှာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါသေးတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို KIA+PDFပူးပေါင်းတပ်တွေက အခုလ ၁၅ရက်မှာ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ခြောက်ရက်အကြာမှာ မြို့တွင်းနေရာဝင်ယူသွားနိုင်ခဲ့တာပါ။
ဓါတ်ပုံ-ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်းတော်မြို့။







Comments