KIAနဲ့PDFတွေ ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး စတင်
- BVJ

- Sep 16
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော် - ဗန်းမောက်လမ်းပိုင်းကို စစ်ရေးအရအကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က စက်တင်ဘာ ၁၅ရက်မှာကြေညာပါတယ်။
အင်းတော်နဲ့ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့ အင်းတော်-ဗန်းမောက်ဗျူဟာလမ်းအပါအဝင် လမ်းပိုင်းအားလုံးကိုရက်အကန့်အသတ်မရှိပိတ်လိုက်တာဖြစ်ပါတယ်။
ဒေသတော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAနဲ့ PDFပူးပေါင်းတပ်တွေက ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်နေပြီလို့ Burma VJကို ပြောပါတယ်။
“ဗန်းမောက်မြို့သိမ်းတိုက်ပွဲဖြစ်နေလို့ လမ်းပိတ်ထားလိုက်တာပါ။ မနေ့ကတိုက်ပွဲစဖြစ်တယ်။ အရင်ကတော့ ကသာခရိုင်တပ်ရင်းနဲ့ SNAစစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုအသေးလေးတွေရှိခဲ့တယ်။ မနေ့ကမှ ကိုယ့်ဖက်ကစပြီး ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာပါ”
ဗန်းမောက်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို မနေ့ကစတင်ခဲ့ပြီး တိုက်ပွဲအတွင်း KIAနဲ့အတူ ဗန်းမောက်မြို့ အခြေစိုက် ကသာခရိုင်တပ်ရင်း ၄( K-4) အပါအဝင် ကသာခရိုင်တပ်ရင်းတွေ၊ မြို့နယ်ပကဖအဖွဲ့တွေနဲ့ အထူးတပ်ရင်း (SR-2/4/10) တို့ပါ၀င်တိုက်ခိုက်နေတယ်လို့ မြေပြင်တပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်လည်းလမ်းပိတ်လိုက်သလို စစ်အုပ်စုနဲ့ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်-SNAတို့ဘက်ကလည်း မြို့တွင်းကလူတွေကိုအပြင်ပေးမထွက်တာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် ပိတ်မိနေတာရှိနေပါတယ်။
လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အင်းတော်ပကဖ တာဝန်ရှိသူတစ်ဦးကလည်း Burma VJကိုအတည်ပြုပါတယ်။
“ဗန်းမောက်မြို့ဝန်းကျင်မှာတော့ တိုက်ပွဲတွေဖြစ်နေပါတယ်။ လက်ရှိကတော့မြေပြင်အဆက်အသွယ် ပြတ်နေတုန်းပါ။ ထူးခြားမှုရှိရင်ပြောြပပေးပါမယ်။ လမ်းတွေကတော့ ဆက်လက်ပိတ်ထားရဦးမှာပါ။ စစ်ရေးအရဆိုတော့ ပြည်သူတွေနားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်အစပ်မှာတည်ရှိတဲ့ ဗန်းမောက်မြို့ဟာ စစ်ရေးမဟာဗျူဟာအရအချက်အချာကျတဲ့ မြို့ထဲမှာပါဝင်သလို မန္တလေး-ဗန်းမောက်-ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။
PDFပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်က အင်းတော်မြို့ကို ရှစ်လကြာတိုက်ယူကာ အခုနှစ် ဧပြီ ၇ရက်ညနေပိုင်းမှာသိမ်းပိုက်ထားတာဖြစ်ပြီး အခုအဲ့ဒီအနီးက ဗန်းမောက်မြို့ကိုဆက်သိမ်းဖို့ ကြိုးစားနေတာပါ။







Comments