တိုက်ပွဲပြင်းထန်နေတဲ့ဗန်းမောက်မြို့မှာ ကျောင်းသားတွေအပါအဝင် အရပ်သားထောင်ချီပိတ်မိနေ
- BVJ

- Sep 19
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၉၊ ၂၀၂၅

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက အခု စက်တင်ဘာလ ၁၅ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့အထိတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေဟာ မြို့အနီးအနားဝန်းကျင်မှာဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီကာကင်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဗန်မောက်မြို့ခံတစ်ဦးက Burma VJကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဒီနေ့ရောဆိုရင် ၅ရက်ရှိပြီပေါ့လေ။ ဒီနေ့ကတော့ နည်းနည်းငြိမ်နေတယ်၊ မနေ့ကတော့ တရက်လုံးတိုက်ပွဲပြင်းနေတယ်။ နောက်တခုကတော့ကျနော်တို့ ကြားရသလောက် စစ်ကောင်စီနဲ့ ရှမ်းနီတပ်-SNAထိုင်နေတဲ့ ကာကင်းစခန်းတချို့ကိုရတယ်လို့ ကျနော်တို့သိရတယ်”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးတဝိုက်ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“အရပ်သားထိခိုက်တာတွေရှိတယ်။ တိုက်ပွဲဖြစ်နေတာဆိုတော့ ဘယ်ဘက်ကပစ်တာလည်းတော့ ကျနော်မသိဘူး။ မြို့တွင်းမှာတော့နေအိမ်ပျက်စီးတာတွေ မနေ့ကလက်နက်ကြီးအစထိမှန်ပြီးတော့ အမျိုးသားတယောက်သေသွားတယ်။ နောက် တိုက်ပွဲစဖြစ်တဲ့ ၁၅ရက်နေ့မှာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရတာရှိတယ်။ အဲဒီအမျိုးသမီးရဲ့ သားဖြစ်သူ ယမ်းစမှန်ပြီးတော့ထိခိုက်ဒဏ်ရာရတာရှိတယ်”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင်တိုက်ပွဲပြင်းထန်နေဆဲ ဗန်းမောက်မြို့တွင်းမှာ နယ်ဝေးကနေကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေအပါအဝင် Non-CDMတွေနဲ့ဒေသခံနှစ်ထောင်နီးပါး လက်ရှိအချိန်ထိပိတ်မိနေတယ်လို့ ဗန်းမောက်မြို့ခံက ပြောပါတယ်။
“ပြည်သူတွေကို မြို့တွင်းကနေပြီးတော့ ထွက်ပြေးခွင့်မပေးဘူးပေါ့။ တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေက ထွက်ပြေးချင်ကြတယ်လေ။ မြို့ပြင်ထွက်ချင်ကြတယ်၊ ဘေးလွတ်ရာကို ရှောင်ချင်ကြတယ်။ ဒါပေမယ့် SNAဘက်က မြို့ဝင်ပေါက် ထွက်ပေါက်တွေအားလုံးကိုပိတ်ပြီးတော့ လူသားဒိုင်းကာပုံစံမျိုး ခေါ်ထားပြီးတော့ပိတ်ထားတယ်”
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမောက်မြို့ဟာ ကချင်ပြည်နယ်အစပ်မှာတည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေသိမ်းပိုက်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့တွေကြားမှာ တည်ရှိနေပါတယ်။







Comments