top of page

အစိုးရသစ်တာဝန်ယူဖို့ပြင်ဆင်နေတဲ့အချိန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်စ် ရာထူးကနုတ်ထွက်

  • Writer: BVJ
    BVJ
  • Feb 17
  • 1 min read

အေတီ/BVJ_ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူးနွတ်စ်
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူးနွတ်စ်

လွန်ခဲ့တဲ့ရက်ပိုင်းကရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အစိုးရသစ်ကို လမ်းဖွင့်ပေးတဲ့အနေနဲ့ ရာထူးကနေနုတ်ထွက်တော့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူးနွတ်စ်ကထုတ်ပြန်လိုက်ပါတယ်။


တနင်္လာနေ့က တိုင်းပြည်ကိုပြောကြားခဲ့တဲ့ သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းထဲမှာ သူကြီးကြပ်ခဲ့တဲ့ ကြားဖြတ်အစိုးရခေါင်းဆောင် “တာဝန်မှ နုတ်ထွက်တော့မယ်”လို့ ယူနွတ်စ်ကထည့်သွင်းပြောကြားခဲ့ပြီး စတင်ခဲ့ပြီးဖြစ်တဲ့ ဒီမိုကရေစီကျင့်စဉ်တွေ၊ လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့ အခြေခံရပိုင်ခွင့်တွေ မရပ်တန့်သွားအောင်လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။


အသက် ၈၅ နှစ်အရွယ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ယူးနွတ်စ်ဟာ ၂၀၂၄ ခုနှစ်က ကျောင်းသားတွေဦးဆောင်တဲ့အုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျသွားပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အဓိကအတိုင်ပင်ခံအဖြစ်တာဝန်ယူဖို့ ပြည်ပကနေ ၂၀၂၄ ခုနှစ်၊ဩဂုတ်လမှာပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအုံကြွမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျင်းပခဲ့ပြီး တာရစ်ရ်ခ်ရာမန် (Tarique Rahman) ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP)က အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။


ဘင်္ဂလားဒေ့ရှ်မီဒီယာတွေရဲ့အဆိုအရ နိုင်ငံရဲ့သြဇာအကြီးမားဆုံး နိုင်ငံရေးမျိုးရိုးကဆင်းသက်လာတဲ့ရာမန်ဟာ အင်္ဂါနေ့မှာကျင်းပမယ့်ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ အစိုးရသစ်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။

ယူနွတ်စ်က မကြာသေးမီကကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို ချီးကျူးစကားဆိုခဲ့ပြီး အဲ့ဒီရွေးကောက်ပွဲဟာ “အနာဂတ်ရွေးကောက်ပွဲတွေအတွက် စံနမူနာတစ်ခု” ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂ (EU) လေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း အဲ့ဒီရွေးကောက်ပွဲကို “ယုံကြည်စိတ်ချရပြီး ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ခဲ့တဲ့ ‌ရွေးကောက်ပွဲ” လို့မှတ်ချက်ပြုထားပါတယ်။


“ရွေးကောက်ပွဲနဲ့ဆက်နွှယ်နေတဲ့ ပြည်သူလူထု၊ မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ချီးကျူးထိုက်တဲ့စံနမူနာကောင်းကို ပြသခဲ့ကြတယ်” လို့လည်း ယူနွတ်စ်ကပြောပါတယ်။


‘ကျွန်တော်တို့ ညီညွတ်ကြရမယ်'

၂၀၂၄ခုနှစ် လူထုအုံကြွမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ဝန်ကြီးချုပ်သစ် တာဝန်ယူတော့မယ့် တာရစ်ရာမန်
၂၀၂၄ခုနှစ် လူထုအုံကြွမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ဝန်ကြီးချုပ်သစ် တာဝန်ယူတော့မယ့် တာရစ်ရာမန်

ရာမန်ရဲ့ BNPပါတီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ လွှတ်တော်အမတ်နေရာ ၃၀၀ထဲက အနည်းဆုံး ၂၁၂နေရာအနိုင်ရရှိခဲ့ပြီး နိုင်ငံကိုဦးဆောင်ဖို့အတွက် ခိုင်မာတဲ့လုပ်ပိုင်ခွင့် (mandate)ရရှိခဲ့ပါတယ်။ ၇၇နေရာအနိုင်ရရှိခဲ့တဲ့ ဂျာမတ်အီအစ္စလာမ်မီ (Jamaat-e-Islami)ပါတီက ဒုတိယနေရာမှာရှိနေပြီး အဓိကအတိုက်အခံပါတီအဖြစ်ရပ်တည်မှာဖြစ်ပါတယ်။ အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ ရှိတ်ဟာဆီနာရဲ့ အာဝါမီလိဂ် (Awami League) ပါတီကတော့ ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။


ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့်ရာမန်က သူရဲ့ပါတီအနိုင်ရရှိပြီးနောက် ညီညွတ်ကြဖို့တိုက်တွန်းနှိုးဆော်ခဲ့ပြီး “ကျွန်တော်တို့လျှောက်လှမ်းရမယ့် လမ်းစဉ်တွေ အမြင်တွေကွဲပြားနိုင်ပေမဲ့ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက်တော့ ကျွန်တော်တို့အားလုံးညီညွတ်ကြရပါမယ်”လို့ပြောကြားခဲ့ပါတယ်။


ဘင်္ဂလားဒေ့ရှ်မဲဆန္ဒရှင်တွေက သူတို့ရဲ့ကိုယ်စားလှယ်သစ်တွေကို ရွေးချယ်တင်မြှောက်ရုံသာမက နိုင်ငံအနှံ့ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲကတဆင့် ကျယ်ပြန့်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေအတွက်ကိုလည်း အတည်ပြုခဲ့ကြပါတယ်။


ဟာဆီနာကိုရာထူးကဖြုတ်ချခဲ့တဲ့ အုံကြွမှုစတင်ခဲ့တဲ့လကိုအစွဲပြုပြီး “ဇူလိုင် ပဋိညာဉ်” (July Charter)လို့လူသိများတဲ့ ပြုပြင်ပြောင်းလဲရေးစာတမ်းရှည်ကြီးထဲမှာ ဝန်ကြီးချုပ်တွေအတွက် သက်တမ်းကန့်သတ်ချက်ထားရှိရန်၊ လွှတ်တော်အထက်လွှတ်တော်တစ်ရပ်ကိုဖွဲ့စည်းရန်၊ သမ္မတရဲ့လုပ်ပိုင်ခွင့်တွေ ပိုမိုခိုင်မာစေရန်နဲ့ တရားစီရင်ရေးကဏ္ဍမှာပိုမိုလွတ်လပ်ခွင့်ရှိစေရန်တို့ကို အဆိုပြုထားပါတယ်။ အဲ့ဒါဟာ အုံကြွမှုအပြီး ယူနွတ်စ်ရဲ့အကူးအပြောင်းကာလအစီအစဉ်ထဲမှာပါဝင်တဲ့ အဓိကမဏ္ဍိုင်တစ်ခုကိုအကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ဒေလီမြို့မှာထွက်ပြေးခိုလှုံနေရတဲ့ ရှိတ်ဟာဆီနာကို ၂၀၂၂ခုနှစ်ကဧည့်ခံပွဲတခုမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့်အတူတွေ့ရစဥ်
အိန္ဒိယနိုင်ငံ၊ဒေလီမြို့မှာထွက်ပြေးခိုလှုံနေရတဲ့ ရှိတ်ဟာဆီနာကို ၂၀၂၂ခုနှစ်ကဧည့်ခံပွဲတခုမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့်အတူတွေ့ရစဥ်

ပြည်သူ့ဆန္ဒခံယူပွဲ သတ်မှတ်ချက်အရ အဲ့ဒီပဋိညာဉ်ကိုအတည်ပြုခြင်းဟာ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီတွေအတွက် “လိုက်နာဖို့တာဝန်ရှိတဲ့ ” (binding)ဖြစ်ပြီး အဲ့ဒါကိုအကောင်အထည်ဖော်ဖို့အတွက်လည်း တာဝန်ရှိလာမှာဖြစ်ပါတယ်။


ယူနွတ်စ်က အဲ့ဒီပြုပြင်ပြောင်းလဲမှုတွေကိုချီးကျူးစကားဆိုခဲ့ပြီး “ပျက်စီးယိုယွင်းနေတဲ့ အကြွင်းအကျန်တွေကိုဖယ်ရှားပြီး အဖွဲ့အစည်းတွေကို ကျွန်တော်တို့ပြန်လည်တည်ဆောက်ခဲ့သလို ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေကိုလည်းချမှတ်ပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဒါပေမယ့် မဲမပေးမီကထဲက ပါတီအချို့ရဲ့မေးခွန်းထုတ်မှုတွေရှိခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေကို လွှတ်တော်သစ်ကထပ်မံအတည်ပြုရန် (ratification)လိုအပ်မှာဖြစ်ပါတယ်။ ဒါကာအခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူ ရီဇောလ် ကရင်မ် ရိုနီ (Rezaul Karim Rony)က အယ်လ်ဂျာဇီးယားသတင်းဌာနကိုပြောကြားရာမှာတော့ “အခုရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ ၂၀၂၄ လူထုအုံကြွမှုကြီးရဲ့ အဓိကမျှော်လင့်ချက်ဖြစ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနဲ့အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံတော်တစ်ရပ်တည်ဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။


ခရက်ဒစ်- AL JAZEERA

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page