မြန်မာစစ်အုပ်စုကသူကောင်းပြုခဲ့တဲ့ ပယ်မိသားစုရဲ့နေဝင်ချိန်
- BVJ

- Nov 5
- 1 min read
အီးကေ

အရှေ့တောင်အာရှထဲမှာ ကျားဖြန့်နှိမ်နင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ တရုတ်အစိုးရက ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့သူ့သား ပယ်ရင်ချန်အပါအဝင် ၅ ဦးကို အခု နိုဝင်ဘာ ၄ရက်နေ့မှာသေဒဏ်ချမှတ်လိုက်ပါတယ်။
ပယ်မိသားစုဝင် ၂၁ ဦးနဲ့အပေါင်းအပါတွေကို လိမ်လည်မှု၊ လူသတ်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုအပါအဝင် အခြားရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ် ရှန်ကျန်းပြည်သူ့တရားရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အုပ်စုကသူကောင်းပြုခံရမှုကြောင့် ကိုးကန့်ဒေသ၊လောက်ကိုင်မြို့မှာကာစီနိုရုံတွေ၊နိုက်ကလပ်တွေ၊ဟိုတယ်တွေနဲ့တန်ခိုးထွားခဲ့တဲ့ ပယ်မိသားစုရဲ့စီးပွားရေးလုပ်ငန်းက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ကျားဖြန့်လုပ်ငန်းအဖြစ်ပြောင်းလဲသွားပါတယ်။ကျားဖြန့်လုပ်ငန်းတွေမှာအသုံးပြုဖို့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ လူကုန်ကူး(အများစုက တရုတ်နိုင်ငံသားတွေ)ခဲ့တာ၊အဲ့ဒီလူကို ပိတ်လှောင်နှိပ်စက်မှုတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီတဲ့အွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကျပ်စေခိုင်းခဲ့တာတွေကြောင့် နောက်ဆုံးမှာတော့ တရုတ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
တရုတ်အစိုးရက သေဒဏ်ချမှတ်လိုက်တဲ့သူငါးဦးက ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ယန်လီကျင်း၊ ဟူရှောက်ကျင်နဲ့ ချန်ဂွန်ဂျီးတို့ဖြစ်ပါတယ်။ အခြားပယ်မိသားစုဝင် နှစ်ဦးကို ဆိုင်းငံ့သေဒဏ်ချမှတ်ခဲ့ပြီး၊ ငါးဦးက တသက်တကျွန်း၊ ကိုးဦးကတော့ ထောင်ဒဏ်အနှစ်၂၀ ဆီချမှတ်ခံခဲ့ရပါတယ်။ တချိန်က ပယ်မိသားစုမှာကိုယ်ပိုင်စစ်တပ်ရှိခဲ့ပြီး၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ကာစီနိုရုံတွေတည်ထောင်ထားတဲ့ နေရာ၄၁နေရာရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိတဲ့သူတွေကပြောပါတယ်။
ပယ်မိသားစုဟာ လောင်းကစားနဲ့လိမ်လည်မှုလုပ်ငန်းတွေကနေ အမြတ်ငွေ စုစုပေါင်း ယွမ် (၂၉) ဘီလီယံ (၄ ဘီလီယံ ဒေါ်လာ)ကျော်ရရှိခဲ့ကြောင်း တရားရုံးရဲ့ဖော်ပြချက်အရ သိရပါတယ်။ အဲ့ဒါအပြင် တရုတ်နိုင်ငံသား ၆ ဦးအသတ်ခံရတာ၊တရုတ်နိုင်ငံသားတစ်ဦးကိုယ့်ကိုကိုယ်သတ်သေခဲ့တာ၊ လူပေါင်းများစွာဒဏ်ရာရရှိစေခဲ့တဲ့ပြစ်မှုတွကို ပယ်မိသားစုကကျူးလွန်ခဲ့ ကြောင်း တရုတ်အစိုးရပိုင် မီဒီယာမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကလည်း လောက်ကိုင်မြို့ကလူသိများတဲ့ မင်မိသားစုဝင် ၁၁ ဦးကိုတရုတ်အစိုးရက သေဒဏ်ချမှတ်ခဲ့ပါတယ်။ကျားဖြန့်ကိစ္စနဲ့ ပတ်သက်တဲ့ မင်မိသားစုရာဇဝတ်ဂိုဏ်းကို ကိုးကန့်ဒေသအုပ်ချုပ်ရေးဦးစီးအဖွဲ့မှာပါဝင်ခဲ့တဲ့ မင်ရှောက်ချန်း Ming Xuechangကဦးဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တရုတ်ရဲတွေဝင်ရောက်ဖမ်းဆီးချိန် သေနတ်နဲ့ကိုယ့်ကိုကိုယ်သေကြောင်း ကြံစည်သွားပါတယ်။မင်မိသားစုဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အကူအညီနဲ့ ၂၀၀၀ခုနှစ်တွေအတွင်း ကိုးကန့်ဒေသမှာတန်ခိုးအာဏာကြီးထွားလာခဲ့တဲ့မိသားစု ဖြစ်ပါတယ်။
ကိုးကန့်ဒေသရဲ့အချမ်းသာဆုံး၊သြဇာအရှိဆုံး မိသားစုလေးစုထဲမှာ ပယ်မိသားစုကနံပါတ်တစ်လို့ သေဒဏ်ကျခံထားရတဲ့ပယ်ဆောက်ချိန်ရဲ့သား ပယ်ရင်ချန်က တရုတ်အစိုးရမီဒီယာမှာပြောထားပါတယ်။
“အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ပယ်မိသားစုဟာ နိုင်ငံရေးနဲ့စစ်ရေးနယ်ပယ်နှစ်ခုလုံးမှာဩဇာအရှိဆုံးပါပဲ"လို့ ဇူလိုင်လက တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာ ထုတ်လွှင့်ခဲ့တဲ့ ပယ်မိသားစုအကြောင်းမှတ်တမ်းရုပ်ရှင်တစ်ခုထဲမှာ သူကပြောခဲ့တာပါ။ကျားဖြန့်စင်တာက အလုပ်သမားတစ်ဦးကို ရိုက်နှက်ပြီး လက်သည်းညှပ်တွေနဲ့ဆွဲထုတ်၊ လက်ချောင်းနှစ်ချောင်းကို မီးဖိုချောင်ဓားနဲ့ ဖြတ်ခဲ့တဲ့အကြောင်း အဲ့ဒီမှတ်တမ်းရုပ်ရုင်ထဲမှာပယ်ရင်ချန်ကဝန်ခံခဲ့ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ထောက်ခံအားပေးမှုနဲ့ လောက်ကိုင်ဒေသမှာတန်ခိုးအာဏာကြီးထွားနေတဲ့ပယ်မိသားစုနဲ့ မင်မိသားစုတို့ဟာ ၁၀၂၇စစ်ဆင်ရေးမှာ ဖုန်မိသားစုဦးဆောင်တဲ့ MNDAAကပြန်လည်သိမ်းယူပြီးနောက် ကျားဖြန့်လိမ်လည်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ဖမ်းဆီးခံခဲ့ရပါတယ်။

◾ပယ်ဆောက်ချိန် ဘယ်သူလဲ
ပယ်ဆောက်ချိန်ဟာ ၁၉၉၂ခုနှစ်မှာ MNDAAအဖွဲ့ထဲကနေ ယန်မောလျန်ကိုဖယ်ရှားချိန်တုန်းက ဖုန်ကြားရှင်(လက်ရှိ MNDAA တပ်ကိုဦးဆောင်နေတဲ့ ဖုတာ့ရွှင်ရဲ့ဖခင်)ကိုကူညီပေးခဲ့သူဖြစ်ပေမယ့် ၂၀၀၉ခုနှစ်ကိုးကန့်အရေးအခင်းကာလမှာမြန်မာစစ်တပ်နဲ့ပေါင်းပြီး ဖုန်ကြားရှင်ကိုဖယ်ရှားခဲ့သူပါ။ အဲ့ဒီနောက်ပိုင်းကိုးကန့်ဒေသမှာ ပယ်ဆောက်ချိန်တန်ခိုးထွားခဲ့သလို၊ ကြံ့ဖွံ့ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ်ဖြစ်ခဲ့အထိ မြန်မာစစ်တပ်ရဲ့သူကောင်းပြုခြင်းကိုခံခဲ့ရပါတယ်။
ပယ်ဆောက်ချိန်ကို တရုတ်အစိုးရက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့မှာ ကျားဖြန့်သံသယမှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တစ်လခွဲကျော်လောက် အကြာမှာပဲ စစ်အုပ်စုကသူ့ကိုနေပြည်တော်မှာ တရုတ်အစိုးရလက်ထဲအပ်ခဲ့ပါတယ်။သူအပါအဝင် ပယ်မိသားစုဝင်၂၁ ဦး ၂၀၂၅ခုနှစ် ဇူလိုင်လမှာစွဲချက်တင်ခံရပြီး နိုဝင်ဘာ၄ရက်နေ့မှာ သေဒဏ်အပါအဝင်၊ ထောင်ဒဏ်တွေချမှတ်ခံလိုက်ရတဲ့အတွက် ပယ်မိသားစုရဲ့နေဝင်ချိန်ရောက်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။
တရုတ်အစိုးရက ကျားဖြန့်ကိစ္စနဲ့ သေဒဏ်ချလိုက်တဲ့ ပယ်ဆောက်ချိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုလွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဥက္ကဌလည်းဖြစ်ခဲ့ပါတယ်။ကိုးကန့်ရဲ့ထင်ရှားတဲ့မိသားစုကြီးလေးခုဖြစ်တဲ့ ပယ်မိသားစု၊ ဝေမိသားစု ၊ မင်မိသားစု နဲ့ လျိုမိသားစုတို့ဟာ ကျားဖြန့်အပါအဝင်အမှုပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး တရုတ်ကအကျဥ်းထောင်တွေထဲမှာ တရားရင်ဆိုင်နေရပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကို တရုတ်အစိုးရရဲ့ နှိမ်နင်းမှုနဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ပူးပေါင်းတပ်တွေကစတင်ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး၁၀၂၇ရဲ့ရိုက်ခတ်မှုဟာ ကိုးကန့်ဒေသတွင်း မြန်မာစစ်တပ်ကသူကောင်းပြုထားသူတွေအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။







Comments