ပဲခူးရိုးမအစပ်က စစ်ကောင်စီတပ်စခန်းကို ဒေသခံပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ချေမှုန်း
- BVJ

- May 28, 2025
- 1 min read
BVJ/ဇော် _ မေ ၂၈ ၊ ၂၀၂၅

ပဲခူးတိုင်း သာယာဝတီခရိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ရင်း ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို) က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒီနေ့ မေ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ အင်အား ၃၀ ဝန်းကျင်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့က ၂ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခု မေလ ၂၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး ၃ နာရီခွဲကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီခွဲခန့်မှာ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးပစ်ကူပေး လုပ်ဆောင်တာတွေလည်းရှိခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပြန်ဆုတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဗိုလ်ရုံစုတပ်စခန်းကို အဲဒီနေ့ ညနေ ၅ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်ခွာသွားချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး ၆၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ဗုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်နဲ့ ဦးထုပ် ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အုတ်ဖို PDF က ဖော်ပြထားပါတယ်။




Comments