တိုက်ပွဲတွေအတွင်းလေကြောင်းဗုံးကြဲမှုကြောင့် ပဲခူးတပ်ရင်း၂ကရဲဘော် ငါးယောက်ကျဆုံးခဲ့
- BVJ

- Feb 9
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ကျောက်တံခါးမြို့နယ်နဲ့ဖြူးမြို့နယ်က တိုက်ပွဲတွေအတွင်းမှာ ပဲခူးခရိုင်အမှတ်-၂တပ်ရင်းက ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းကသိရပါတယ်။
တိုက်ပွဲတွေအတွင်း ရဲဘော်အောင်ကြီး၊ ရဲဘော်ပိုလာ၊ ရဲဘော်ဗိုလ်မောင်၊ ရဲဘော်ကျောင်းဆရာ၊ ရဲဘော်ဥသြတို့ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော်အောင်ကြီးက ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၂ရက်မှာကျဆုံးခဲ့သလို ကျန်တဲ့ရဲဘော်လေးယောက်ကတော့ ဇန်နဝါရီ ၂၅ရက်တိုက်ပွဲအတွင်းကျဆုံးခဲ့တာဖြစ်ပါတယ်။
“တိုက်ပွဲတွင်း လေကြောင်းနဲ့ဒရုန်းကြောင့်ထိခိုက်ပြီးကျဆုံးတာပါ”လို့ ပဲခူးခရိုင်အမှတ်-၂တပ်ရင်း တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။
ရဲဘော်တွေကျဆုံးမှုအပေါ် တပ်ရင်းအနေနဲ့ နှမြောတသ၊ ဝမ်းနည်းကြေကွဲရသလို ပေးဆပ်မှုအပေါ် အလေးအနက်ဂုဏ်ယူဦးညွှတ်ကြောင်းနဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းကိုလည်း အခုလ ဖေဖော်ဝါရီ ၇ရက်မှာတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

NUGရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းမှာ ''အောင်မြင်စစ်ဆင်ရေး''အဖြစ် ၂၀၂၆နှစ်ဆန်းပိုင်းကစပြီး စစ်ဆင်ရေးတွေကိုအရှိန်မြှင့်ဖော်ဆောင်နေတာဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လုံခြုံရေးသတိ၊ လမ်းသတိတွေ အထူးဂရုစိုက်သွားလာကြဖို့ကိုလည်း PDFတပ်ရင်း၊တပ်ဖွဲ့တွေက သတိပေးထားပါသေးတယ်။




Comments