ပဲခူးမြို့ အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံရမှုမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ဦးအပါအဝင် ၁၀ ဦးကျော်ဖမ်းခံထားရ
- BVJ

- Oct 20
- 1 min read
BVJ/ဇော်_အောက်တိုဘာ ၁၈၊ ၂၀၂၅

ပဲခူးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ပဲခူးမြို့ပေါ်က နိုင်ငံရေးအကျဉ်းသားဟောင်း (၂)ဦးအပါအဝင် လူ(၁၀)ဦးခန့် ကိုစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့သိရပါတယ်။
ပဲခူးတိုင်း၊ ပဲခူးမြို့ ဥဿာမြို့သစ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့ ညဆယ်နာရီခွဲခန့်မှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ခြံစည်းရိုးအုတ်တိုင်အောက်ခြေနဲ့ ရုံးပြတင်းပေါက်မှန်လေးချပ် ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပဲခူးမြို့အတွင်းကလူငယ်တွေကို စစ်ကောင်စီတပ်ကအများအပြားဖမ်းဆီးထားပြီး အိမ်တွေဆိုင်တွေကိုလည်းချိတ်ပိတ်ထားတယ်လို့ ပဲခူးမြို့ကဒေသခံတစ်ဦးက Burma VJ ကို အခုလိုအတည်ပြုပါတယ်။
“ဗုံးကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူတွေတော်တော်များများဖမ်းဆီးသွားတယ်။ မဆိုင်တဲ့သူတချို့လည်း ပါတယ်လို့ကြားတယ်။ မြို့စားကြီးလက်ဖက်ရည်ဆိုင်ကပိုင်ရှင်ကိုလည်းဖမ်းခေါ်သွားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားတယ်။ ရှမ်းတန်းဘက်ကတော့ (၈) ယောက်ပါသွားတယ်။ အိမ်တွေလည်း ချိတ်ပိတ်ခံထားရတယ်။ အမှတ် (၁)ကျောင်းက ကျောင်းသူတစ်ယောက်ရဲ့အဖေကိုလည်း ဖမ်းသွားတယ်။ ကလေးနဲ့အဒေါ်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အိမ်ကိုတော့ချိတ်ပိတ်ထားတယ်”လို့ ပြောပါတယ်။
ရပ်ကွက်ရုံးလက်လုပ်ဗုံးကွဲမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းဆိုသူလည်း ပါဝင်ပြီး နောက်ထပ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ကိုလည်း မနေ့က အောက်တိုဘာ ၁၇ ရက်နေ့မနက်မှာ ရဲစခန်းကလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။







Comments