ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်နဲ့ပါထိတွေ့ဆက်ဆံဖို့ အမေရိကန်ပြော
- BVJ

- Jun 11, 2025
- 1 min read
BVJ/Moore _ ဇွန် ၁၁ ၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ် ကော့ဘဇားစစ်ဘေးရှောင်စခန်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နဲ့ပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးဆိုင်ရာကိုယ်စားလှယ် ဂျိုနသန်ရှရာက မနေ့က ဇွန် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းယူထိန်းချုပ်ထားတဲ့ AA တပ်ဖွဲ့ နဲ့ ထိတွေ့ဆက်ဆံဆွေးနွေးဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှာ ဂျိုနသန်ရှရာက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
အဓမ္မနေရပ်စွန့်ခွာရပြီး အကြမ်းဖက်ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် စိုးရိမ်ပူပန်မိသလို အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုကို တန်ဖိုးထားဖို့အတွက် မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့ကိုလည်း တောင်းဆိုကြောင်း ဂျိုနသန်က ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြား ရိုဟင်ဂျာတွေဟာ နေရပ်စွန့်ခွာခဲ့ရသူတွေရှိနေသလို တပ်သားသစ်အဖြစ် စုဆောင်းခံရတာအပါအဝင် အခြားအကြမ်းဖက်ကျူးလွန်ခံရမှုတွေလည်းရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီယန်ဘိရှော့က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ကျူးလွန် ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေသလို နိုင်ငံတစ်ဝန်း စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပြည်သူရှိနေရာတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို အဓမ္မစစ်မှုထမ်းခိုင်းပြီး တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခိုင်းတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့လည်း ဂျိုနသန်က ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အင်တာနက်နဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ပိတ်ပင်တာတွေကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေတာကြောင့် အရေးပေါ်အကူအညီတွေ ပို့ဆောင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်-AAဟာ ရခိုင်ပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဒေသတွေက စစ်ကောင်စီတပ်ဖွဲ့စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေရာ မြန်မာနိုင်ငံအနောက်ပိုင်းနယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ AAနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေ အမှန်တကယ်လိုအပ်နေကြောင်းကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အခုနှစ် ဧပြီလမှာ ထုတ်ပြောထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘေးရှောင်စခန်းတွေထဲရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည်နေရာချထားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် စင်္ကြန်လမ်းဖော်ဆောင်ဖို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ပြောကြားခဲ့ပါသေးတယ်။




Comments