CRPHရဲ့နိုင်ငံ့ဝန်ထမ်းဥပဒေအပေါ် တော်လှန်ရေးအင်အားစုတွေ သဘောမတူ
- BVJ

- Jun 16
- 1 min read
BVJ/မိုနာ_ ဇွန် ၁၆၊ ၂၀၂၅

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အခုလ ၁၃ ရက်မှာ ကြေညာပါတယ်။
ဒီဥပဒေဟာ CDMဝန်ထမ်းတွေကိုလေးစားတန်ဖိုးထားပြီး အခွင့်အရေးကိုအကာအကွယ်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ လိုအပ်တဲ့အကူအညီတွေကိုပံ့ပိုးပေးခြင်း၊ နစ်နာမှုတွေနဲ့ချိုးဖောက်ခံရမှုတွေကို ပြန်လည်ကုစားပေးခြင်း၊ အမှန်တရားနဲ့တရားမျှတမှုကို ရှာဖွေဖော်ထုတ်ပေးခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေခြင်း၊ CDMဝန်ထမ်းတွေရဲ့ခံယူချက်တွေ ရေရှည်တည့်တံ့စေခြင်း၊ CDMမလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ စတဲ့ အချက်တွေနဲ့ပြဌာန်းခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကတော့ CRPHရဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေမှာပါတဲ့ CDMတွေကိုအသိအမှတ်ပြု ဂုဏ်ပြုကုစားပေးခြင်းဟာ လုပ်သင့်လုပ်ထိုက်ပေမယ့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတာဟာ ဥပဒေနဲ့အာဏာသုံးကာ လုပ်ယူဖန်တီးလို့မရဘဲ CDMလှုပ်ရှားမှုမှာမပါဝင်သူတွေကို အရေးယူမယ်ဆိုခြင်းဟာ အဲ့ဒီအခြေခံသဘောကိုပင် နားမလည်ရာရောက်ပြီး CDMလှုပ်ရှားမှုမှာပါဝင်သူတွေကိုရဲ့ ဂုဏ်သိက္ခာကိုလည်းညှိုးနွမ်းစေကြောင်းနဲ့ တော်လှန်ရေးလိုအပ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း မနေ့က ဇွန် ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။
CDMလှုပ်ရှားမှုမှာမပါဝင်သူတွေကို အရေးယူတာဟာ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့လည်းကွဲလွဲနေပြီး CRPHရဲ့ Non CDMအပေါ်သဘောထားဟာ စစ်ကောင်စီကCDMဝန်ထမ်းတွေအပေါ် ထားတဲ့သဘောထားနဲ့ဘာများကွဲနေသလဲလို့လည်း ဗကသများအဖွဲ့ချုပ်က မေးခွန်းထုထ်ထားပါတယ်။
ဒါကြောင့် CRPHရဲ့ အခုဥပဒေဟာ စံနှုန်းအရ၊ နိုင်ငံရေးအရ၊ အကျိုးဆက်အရ မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း သဘောထားထုတ်ပြန်ထားပါတယ်။
အလားတူပဲ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ(GSCN)ကလည်း Non-CDM အရပ်သားဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ နိုင်ငံရေးသဘောထားကို မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲမှာ CDMမှာပါဝင်ခဲ့တဲ့ဝန်ထမ်းထုရဲ့ ကဏ္ဍဟာအရေးပါတဲ့နေရာမှာရှိကြောင်းနဲ့ CDM လှုပ်ရှားမှုဟာ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်လမ်းကိုယ်လျှောက်တဲ့လမ်းကို စေတနာအလျောက်ပါဝင်ရန် (voluntary) ရွေးချယ်ခြင်းဖြစ်တာကိုလည်း မမေ့လျော့ဖို့အရေးကြီးကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် အခုချိန်ဟာ စစ်တပ်ပြိုလဲတော့မယ့်လမ်းကိုရောက်ခါနီးပြီဖြစ်တာကြောင့် CDM ပြုလုပ်နိုင်ဖို့ လမ်းဖွင့်ပေးထားခြင်းဟာ Non-CDM ဝန်ထမ်းတွေကို စစ်တပ်ကလက်နက်တပ်ဆင်ပေးခြင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်စေတဲ့ကိစ္စတွေကို ရှောင်ထွက်လာနိုင်ဖို့လုပ်ဆောင်နိုင်မှာဖြစ်သလို စစ်တပ်ဘက်ကနေအချိန်ကြာမြင့်စွာ လက်နက်ကိုင်အကြမ်းဖက်ခဲ့တဲ့စစ်သားတွေကိုတောင် လူ့အခွင့်အရေးနဲ့အညီကြိုဆိုနေကြတဲ့အချိန်မှာ Non-CDM ဝန်ထမ်းတွေကိုလည်း စည်းရုံးကြိုဆိုကြရမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒါကြောင့် အလုံးစုံအရေးယူမယ်လို့ တရားမျှတမှု အခြေမခံတဲ့မူဝါဒထုတ်ပြန်ခြင်း၊ ကြေညာခြင်းတွေဟာ Non-CDMတွေကို စစ်တပ်နဲ့ပိုပူးပေါင်းဖို့တွန်းပေးသလိုဖြစ်ပြီး စစ်အုပ်စုကိုသက်ဆိုးရှည်စေမှာဖြစ်ကြောင်းနဲ့ Non-CDMတွေကိုကြိုဆိုခြင်းဟာ ရန်သူရဲ့ပျော့ကွက်ကိုထိုးနှက်ခြင်းဖြစ်ပြီး ရန်သူနဲ့မတူတဲ့စာနာစိတ်ရှိခြင်းကိုပြသခြင်းလည်းဖြစ်တယ်လို့ GSCNက သဘောထားထုတ်ပြန်ပါတယ်။
CRPHရဲ့ ဥပဒေပါ Non CDMတွေကိုအရေးယူမှုအပိုင်းမှာတော့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်ခြင်း၊ ရာထူးကနေထုတ်ပယ်ခြင်း၊ ပြည်ပထွက်ခွာခွင့်ယာယီပိတ်ခြင်း၊ စစ်အုပ်စုအာဏာသိမ်းကာလအတွင်း ရယူခံစားထားတဲ့ ရာထူးနဲ့နှစ်တိုးလစာတွေ စားရိတ်ချီးမြှင့်ငွေနဲ့ခံစားခွင့်တွေကို ပြန်လည်ပေးအပ်စေခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့ ဆုတံဆိပ်တွေနဲ့ချီးမြှင့်ငွေတွေကို ပြန်လည်ပေးအပ်စေခြင်းစတာတွေ ပါဝင်ပါတယ်။
CRPHရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီး ၂၀၂၁စစ်အာဏာသိမ်းကာလအစထဲက CDMလုပ်ထားသူ နိုင်ငံ့ဝန်ထမ်းတစ်ဦးက သူ့အမြင်ကို အခုလိုပြောပါတယ်။
“ဒီဥပဒေကို ဖတ်ပြီး နားလည်မိတာက Non- CDM တွေ အကုန်လုံးနီးပါးဟာ ဒီဥပဒေနဲ့ ညိနေပါတယ်။ ဒါပေမယ့် အသနားခံစာနဲ့ စာတင်လာရင်တော့ပြန်လက်ခံမယ်လို့ နားလည်မိတယ်။ တကယ့်လက်တွေ့ အကောင်အထည်ဖော်ရင် နောက်ဆက်တွဲပြသနာကတော့ အတော်ကြီးမားနိုင်ပါတယ်။ နောက်ဒီဥပဒေကို နားလည်တာကဝင်လာမယ့်လူတွေကိုလည်း ကြိုဆိုထားပါတယ်။ အဲဒီအတွက် ပုဒ်မ ၁၁ မှာ ဥပဒေနဲ့ကို ကြိုဆိုထားပါတယ်” လို့ Burma VJကို ပြောပါတယ်။
CRPHရဲ့ ဥပဒေအခန်း(၄)အရေးယူခြင်း အပိုဒ်၁၁တွင် အစိုးရဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်ကနေ ဧပြီ ၃၀ရက်နေ့အထိ ကာလအတွင်း CDMဆောင်ရွက်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDMနိုင်ငံ့ဝန်ထမ်းအဖြစ် သတ်မှတ်ပြီး အဲ့ဒီကာလကျော်လွန်မှ CDMပါဝင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ခိုင်လုံတဲ့အကြောင်းပြချက်တင်ပြနိုင်ပါက CDMအဖြစ်သတ်မှတ်နိုင်တ်လို့ ဖော်ပြထားတာပါ။
စစ်ကောင်စီဘက်ကတော့ CRPHက ထုတ်ပြန်ကြေညာလိုက်တဲ့အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေဟာ အတည်ပေါက်နဲ့ခြိမ်းခြောက်မှုသာ ဖြစ်တယ်လို့ ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေကနေ မနေ့က ဇွန် ၁၅ရက်မှာဖော်ပြပါတယ်။







Comments