top of page

ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓားပြန်ရဖို့ မြေးဖြစ်သူမျှော်လင့်နေ

  • Writer: BVJ
    BVJ
  • Feb 13
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

အဖိုးဖြစ်သူဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဓားကိုပြန်ရဖို့ မျှော်လင့်တယ်လို့ မြေး ကင်အဲရစ်(ခေါ်)ကိုထိန်လင်းက ဒီနေ့ဖေဖော်ဝါရီ ၁၃မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာပြောပါတယ်။


“မြန်မာနိုင်ငံမှာ မေမေနဲ့နေထိုင်စဉ်က ဖိုးဖိုးရဲ့ကတ်တနာ(ဓါး)ကိုစောင့်ရှောက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒါကကျနော့် အတွက် အမြဲတမ်းအဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းရှိပါတယ်။ မေမေက ကျနော်ဒီဓါးကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာသိပြီး ဒါဟာကျနော့်အတွက် ဖိုးဖိုးရဲ့အမွေလို့ပြောခဲ့ပါတယ်။ ဖိုးဖိုးရဲ့အမွေအနှစ်နဲ့ သူပုံဖော်ပေးခဲ့တဲ့သမိုင်းရဲ့သင်္ကေတတခုအနေနဲ့ တနေ့မှာဒီဓားကိုပြန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်အဲရစ်ကပြောပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းပိုင်ဆိုင်ခဲ့တဲ့ဓားဟာ သံချေးတက်နေတဲ့အတွက် ဂျပန်နိုင်ငံမှာပြုပြင်ပေးဖို့ဆိုပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကိုရောက်နေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီတောင်းဆိုမှုကြောင့် မစ္စတာဆာဆာကာဝါက ဂျပန်နိုင်ငံကိုယူဆောင်သွားပြီး နာမည်ကျော် ဂျပန်လူမျိုး ဓားပြုပြင်ထိန်းသိမ်းရေး ပညာရှင် မစ္စတာယိုကိုယာမဆီအပ်နှံကာ ရှစ်လကြာပြုပြင်ခဲ့တယ်လို့သိရပါတယ်။


အဲ့ဒီနောက်ပြုပြင်ပြင်ဆင်ပြီးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ပေးအပ်ဖို့မျှော်လင့်နေတယ်လို့ မစ္စတာဆာဆာကာဝါက ၂၀၂၁၊ နိုဝင်ဘာ ၁၈ရက်က ရန်ကုန်မြို့က Melia Hotelမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောခဲ့ပါတယ်။

ဓါတ်ပုံ-ဗိုလ်ချုပ်အောင်ဆန်းဓားကိုပြုပြင်ဖို့ ဂျပန်ဓားပညာရှင်ကြည့်ရှုနေပုံ။
ဓါတ်ပုံ-ဗိုလ်ချုပ်အောင်ဆန်းဓားကိုပြုပြင်ဖို့ ဂျပန်ဓားပညာရှင်ကြည့်ရှုနေပုံ။

မစ္စတာဆာဆာကာဝါ ပြန်လည်ပေးအပ်ဖို့လုပ်တဲ့အချိန်ဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ရက် စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်ကဖမ်းဆီးအကျဉ်းချထားချိန်ဖြစ်ပါတယ်။


အရှည် ၆၉.၁စင်တီမီတာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓါးဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်က ဂျပန်တပ်မဟာ ၁၅က မြန်မာနိုင်ငံကိုအုပ်ချုပ်ဖို့ တပ်မှူးအဖြစ်ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး Shojiro Iidaကို Asahi Shimbun ဥက္ကဋ္ဌကဂုဏ်ပြုပေးအပ်ခဲ့တာဖြစ်ပြီး အဲ့ဒီဗိုလ်ချုပ်ကြီးကနေတဆင့် ဗိုလ်ချုပ်အောင်ဆန်းကို ထပ်မံဂုဏ်ပြုပေးအပ်ခဲ့တာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page