အောင်လံ၊တပ်ကုန်းရွာ မင်္ဂလာဆောင်ဗုံးကြဲခံရပြီး လသားကလေးငယ်နဲ့အဘွားအပါအဝင် ငါးဦးသေဆုံး
- BVJ

- Jan 23
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၂၃၊ ၂၀၂၆

မကွေးတိုင်း၊အောင်လံမြို့နယ် တပ်ကုန်းကျေးရွာကို စစ်အုပ်စုက မနေ့က ဇန်နဝါရီ ၂၂ရက် နေ့လယ် နှစ်နာရီခန့်အချိန်မှာလေယာဉ်နဲ့ဗုံးကြဲချခဲ့တာကြောင့် လသားကလေးငယ်အပါအဝင် သေဆုံးသူ ၅ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဂျက်ဖိုက်တာနဲ့ ပေါင်၃၀၀ဗုံး လေးလုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးကမင်္ဂလာဆောင်လုပ်ဖို့ပြင်နေတဲ့ မဏ္ဍာပ်ကိုကျပြီး ကလေးငယ်၊ အသက် ၆၀ကျော်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ဦး စုစုပေါင်း ၅ဦးသေဆုံးခဲ့တယ်လို့ အောင်လံဒေသခံက Burma VJကိုပြောပါတယ်။
သေဆုံးသူတွေထဲမှာ မြေးအဖွားသုံးယောက်လည်းပါဝင်တယ်လို့ အောင်လံလူထုအဖွဲ့ကလည်း အတည်ပြုပြောပါတယ်။
“သေဆုံးသူတွေရဲ့ အသက်က ၆၀ဝန်းကျင် အမျိုးသမီးတစ်ဦး၊ အသက်၃၀ခန့်အမျိုးသားတစ်ဦး၊ လသားအရွယ် ကလေးမလေးတစ်ဦး။ သူတိူ့သုံးဦးက မြေးအဖွား သားအမိပါ။ ကျန်နှစ်ဦးရဲ့အချက်လက်တွေကမရရှိထားပါဘူး။
ဒါကလူစုလူဝေးကြောင့်ရယ် တော်လှန်ရေးအင်အားစုတွေဝင်ထွက်သွားလာတာကိုယ် စစ်ဒလန်ကောင်တွေကမှားယွင်းသတင်းပေးလို့ဖြစ်ရတာပါ”လို့ အောင်လံလူထုအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတပ်ကုန်းကျေးရွာအပါအဝင် အနီးအနားကကျေးရွာတွေကလည်း စစ်ရှောင်နေရပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးနိုင်ခြေတွေရှိတာကြောင့် ပြည်သူတွေအနေနဲ့မပေါ့ဆကြဖို့ကိုလည်း အောင်လံလူထုအဖွဲ့ကအကြံပြုပါတယ်။
ဒ့ါအပြင် အခုလေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ဆယ်ဦးထက်မနည်းရှိခဲ့ပြီး အိမ်တွေလည်းမီးလောင်ပျက်ဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အခုစစ်အုပ်စုကဗုံးကြဲတဲ့ရွာဟာ အိမ်ခြေနှစ်ရာကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲစစ်အုပ်စုက မင်္ဂလာဆောင်ဦးတည်ပြီးဗုံးလာကြဲခဲ့တာလို့ ဒေသခံကပြောပါတယ်။







Comments