ဂရိမှာတောမီးငြှိမ်းသတ်ရင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိပြီး နှစ်ဦးသေဆုံး
- BVJ

- 6 days ago
- 1 min read
သူရ/BVJ_သြဂုတ် ၃၊ ၂၀၂၆

ဂရိနိုင်ငံ၊အေသင်မြို့ရဲ့ အနောက်ဘက် ၆၅ ကီလိုမီတာအကွာမှာ တောမီးငြှိမ်းသတ်ဖို့ကြိုးပမ်းနေတဲ့ Bell ရဟတ်ယာဉ်နှစ်စင်းဟာ လေထဲမှာတိုက်မိတဲ့ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာလိုက်ပါလာတဲ့ ဒိန်းမတ်လူမျိုးလေယာဉ်မှူးတစ်ဦးနဲ့ ဂရိမီးသတ်တပ်ဖွဲ့ကအရာရှိတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ နောက်ထပ် ရဟတ်ယာဉ်တစ်စင်းမှာလိုက်ပါလာတဲ့ ဗြိတိန်လူမျိုးလေယာဉ်မှူးနဲ့ ဂရိညှိနှိုင်းရေးမှူးတို့ကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်သန်ခဲ့ပြီး အနည်းငယ်သာဒဏ်ရာရရှိခဲ့ပါတယ်။
ရဟတ်ယာဉ်တစ်စင်းက နောက်တစ်စင်းရဲ့ပန်ကာကိုတိုက်မိခဲ့တာကြောင့် မီးလောင်ပြီး ချောက်ထဲကိုထိုးကျသွားခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာတွေ့ရပါတယ်။ နောက်တစ်စင်းကတော့ အရေးပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဖြစ်ပွားပြီးတဲ့နောက် ဂရိနိုင်ငံတဝန်းလုံးမှာ Bell ရဟတ်ယာဉ်အားလုံးကို ပျံသန်းမှု ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။
အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဗြိတိန်လေယာဉ်မှူးဟာ တောမီးငြှိမ်းသတ်ရေးရာသီအတွက် ပုဂ္ဂလိကကုမ္ပဏီကနေငှားရမ်းထားတဲ့လေယာဉ်မှူးတစ်ဦးဖြစ်ပြီး၊ သူတို့နှစ်ဦးဟာ မတော်တဆဖြစ်ပြီးပြီးချင်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေကို တည်နေရာလမ်းညွှန်ပေးနိုင်ခဲ့လို့ အချိန်မီကယ်တင်နိုင်ခဲ့တာပါ။
ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ်က ဒီဖြစ်ရပ်အတွက် အလွန်တရာ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သေဆုံးသွားတဲ့သူရဲကောင်းနှစ်ဦးအတွက် မိသားစုတွေနဲ့အတူဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိ ဂရိနိုင်ငံမှာသာမက ပြင်သစ်နဲ့စပိန်နိုင်ငံတွေမှာလည်း တောမီးတွေတဟုန်ထိုးလောင်ကျွမ်းနေပါတယ်။ မီးအများစုက လူတွေရဲ့လုပ်ဆောင်မှုကြောင့် ဖြစ်ပွားတာမျိုးရှိပေမဲ့၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ပိုပြီးတော့ အဖြစ်များလာတာပါ။
ပြီးခဲ့တဲ့ ဆောင်းရာသီမှာမိုးကောင်းပြီး အပင်တွေပေါက်ရောက်ခဲ့ပေမဲ့ အခုလို အပူလှိုင်းတွေဆက်တိုက်ဖြတ်သန်းတဲ့အခါ အဲဒီအပင်တွေကခြောက်သွေ့သွားပြီး တောမီးအတွက် အဓိကလောင်စာဖြစ်လာတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂရိနိုင်ငံမှာ မီးသတ်သမား ၅၀၀ ကျော်ကအသက်စွန့်ပြီး တောမီးတွေကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။
ခရက်ဒစ် - ဘီဘီစီ



Comments